နေမိုး
၃၁. ၃. ၂၀၂၆
မဲမသမာမှုဖြင့် NLD အစိုးရဖြုတ်ချခံရမှုကို မကျေနပ်မှုကြောင့် နိုင်ငံတစ်ဝန်းတွင် ထကြွလာသော PDF များက ပြည်သူများသွားလာရာလမ်းပင်မရှောင် မြေမြုပ်မိုင်းများထောင်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုင်းကွင်းများသာဖြစ်နေသလို ကမ္ဘာပေါ်တွင်လည်း မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရမှုအများဆုံးဖြစ်လာသည့် မြန်မာနိုင်ငံတွင် ယခုလည်း PDF များ ထောင်ထားသည့် မိုင်းကို ကားဖြင့် ဝင်တိုက်မိသည့် ဆရာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရမှု မြင်းခြံတွင် ဖြစ်ပွား ဖြစ်ပွားခဲ့ပြန်သည်။
ဖြစ်စဥ်တွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် သာသနာ့ အနွယ်ဝင် ရဟန်းတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီတွင် မြင်းခြံမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်ရှိ “သာသနာ့ပါလ”ဘုန်းကြီးကျောင်းမှ ဆရာတော် ဦးသီလာနန္ဒ(၃၅)နှစ် (၁၅)ဝါသည် အမှတ်(၁၃)ရပ်ကွက်နေ ဦးမျိုးမင်းဗိုလ်(၄၁)နှစ်နှင့်အတူ မြင်းခြံမြို့မှ မန္တလေးသို့ မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ခွာလာစဉ် သက္ကယ်ကျင်းကျေးရွာနှင့် ညောင်ဝန်းကျေးရွာကြားအရောက် လမ်းဘေးမှ PDF များထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပြည်သူများ ထိခိုက်အောင် မိုင်းထောင်သည့် အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ မြင်းခြံ PDF များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိသော်လည်း ကျူးလွန်သူများကမူ ယင်းတို့၏လုပ်ရပ်အတွက် ဝန်ခံမှုနှင့် ထိခိုက်သေဆုံးသော ပြည်သူတို့အတွက် ဝမ်းနည်းကြောင်း၊ တောင်းပန်ကြောင်း တစ်စုံတစ်ရာ ထုတ်ပြန်လာမှုမရှိချေ။
