၃၁.၃.၂၀၂၆
Written by Thiri
မြေမြုပ်မိုင်းကြောင့် လပိုင်းအတွင်း သမီးတစ်ယောက်ဆုံးရှုံးထားပြီး ခင်ပွန်းဖြစ်သူကလည်း ဒီမိုင်းဒဏ်ကြောင့်ပဲ ခြေတစ်ဖက်ဆုံးရှုံးထားရတဲ့ အိမ်ရှင်မတစ်ဦးဟာ မကြာသေးတဲ့ ရက်ပိုင်းကပဲ သူကိုယ်တိုင် မြေမြုပ်မိုင်း ထပ်မံနင်းမိလို့ အခုလက်ရှိ ပြင်ဦးလွင်ဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူနေရပါတယ်။
အဲဒီအိမ်ရှင်မရဲ့ နာမည်က ဒေါ်ရင်ပြုံးလို့ ခေါ်ပါတယ်။ သူနေထိုင်ရာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာက သူ့နေအိမ်ခြံဝင်းထဲမှာပဲ အခုလိုဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ပြင်းထန်တိုက်ပွဲပေါင်းများစွာနဲ့ စစ်မြေပြင်ဖြစ်ခဲ့ရတဲ့ နောင်ချိုဒေသတစ်ဝိုက် အစွန်အဖျားကျတဲ့ နောင်လင်ရွာက မြေမြုပ်မိုင်းဒဏ် အဆိုးရွားဆုံးဖြစ်နေတယ်လို့ မိုင်းထိလူနာတွေကို ကူညီပေးနေတဲ့ သန္တိသုခ လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဦးလေးမြင့်အောင်က ဆိုပါတယ်။

“သူတို့ရွာက အတော်အခြေအနေဆိုးတယ်။ တောင်ယာကလည်း ကြံခင်းတွေများတယ်။ ရွာမှာပဲ ဒီနှစ်အတွင်း မိုင်းကြောင့် ပွဲချင်းပြီးသေတာ သုံးဦးရှိတယ်။ မရင်ပြုံးက အသက်လေးဆယ်ဝန်းကျင်ပဲ ရှိဦးမယ်။ သူ့သမီးအကြီးလေး ၂၁ နှစ်ပဲရှိသေးတယ်။ တောင်ယာသွားရင်း မိုင်းမိတယ်။ သမီးရဲ့ ကျန်ခဲ့တဲ့ မြေးကို ဆက်စောင့်ရှောက်ရတယ်။ မရင်ပြုံးရဲ့ အမျိုးသားက ကိုဇော်လွင်ဦးတဲ့။ မိုင်းထိပြီး ခြေတစ်ဖက်ဖြတ်ရတယ်။ ဆေးကုပြီးပြန်သွားတာ ရက်ပိုင်းပဲရှိသေးတယ်။ မရင်ပြုံးက ပြီးခဲ့တဲ့ စနေနေ့က (မတ်၂၈ )ရက်က မိုင်းထိလို့ဆိုလို့ သွားခေါ်ခဲ့ရတယ်။ ခြေတစ်ဖက်က နင်းမိကတည်းက ပြတ်တယ်။ နောက်တစ်ဖက်ကလည်း အတော်ထိထားပေမယ့် ဆရာဝန်ကြီးတွေက မဖြတ်ရအောင် အတတ်နိုင်ဆုံးကြိုးစားနေတယ်” လို့ ဦးလေးမြင့်အောင်က MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
လက်ရှိမှာ မရင်ပြုံးက အနာမပျောက်သေးတဲ့ ခင်ပွန်းဖြစ်သူနဲ့ လူမမယ်ကလေးနှစ်ဦးကို ရွာမှာထားခဲ့ပြီး ပြင်ဦးလွင်မြို့မှာ တက်ရောက်ဆေးဝါးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။ မရင်ပြုံးတို့ နောင်လင်ကျေးရွာမှာ ပြန်လည်ဝင်ရောက်နေထိုင်နေတာ လပိုင်းပဲ ရှိပါသေးတယ်။ အဲ့ဒီအချိန်အတွင်း ကျေးရွာ စာသင်ကျောင်းထဲမှာ မိုင်းကွဲသံကြားရပါတယ်။ ဘုန်းကြီး ကျောင်းထဲ ကိုယ်တော်တွေ မိုင်းနင်းမိပြန်လို့ သံဃာနှစ်ပါး ခြေတစ်ဖက်စီ ဆုံးရှုံးထားရပါတယ်။ ခွေး၊ နွား တိရိစ္ဆာန်တွေလည်း ဒီမြေမြုပ်မိုင်း အန္တရာယ်က မလွတ်ပါဘူး။ အခုဆိုရင် ရွာမှာသေဆုံးသူ ၃ ဦးနဲ့ အန္တရာယ်ဖြစ်ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ၈ ဦးရှိတယ်လို့လည်း သိရပါတယ်။
သန္တိသုခ လူမှုကူညီရေးအသင်းမှ ဦးလေးမြင့်အောင်က “ကျွန်တော်တို့ နောင်ချိုဒေသက မိုင်းထိလူနာတွေကို ကူနေတာ ၄၈ ဦးရှိပြီ။ အချိန် နှစ်နစ်အတွင်းလို့ ပြောလို့ရပါတယ်။ ဒေသပြန်နေကြတဲ့လူတွေလည်း တောင်ယာတွေထဲ မဆင်းရဲနဲ့ အတော် ဒုက္ခများရတယ်”လို့ ဆိုပါတယ်။
သန္တိသုခလူမှုကူညီရေးအသင်းအနေနဲ့ ဆေးကုသဖို့ မိုင်းထိလူနာတွေကို တစ်ဦးလျှင် ကျပ် ၁၀၀၀၀၀၀ (ကျပ်ဆယ်သိန်း)နဲ့ လိုအပ်နေတဲ့ စောင်၊ ဖျာ၊ ဓာတ်ဗူး၊ ရေခွက်၊ ဇလုံစတာတွေ ကူညီထောက်ပံ့ပေးခဲ့ကာ ဒေါ်ရင်ပြုံးက အသင်းရဲ့ ၄၈ ဦးမြောက် မိုင်းထိ လူနာလည်း ဖြစ်ပါတယ်။

