သက်တံ့
၃၁. ၃. ၂၀၂၆
တောဆင်ရိုင်းတစ်ကောင်ဟာ ထိုင်းနိုင်ငံဘက်ကနေ မဲခေါင်မြစ်ကို ဖြတ်ပြီး လာအိုနိုင်ငံဘက်ကို တစ်ကျော့ပြန် ကူးခတ်သွားခဲ့ပြန်ပြီး ဒီလုပ်ရပ်ဟာ နှစ်စဉ်နှစ်တိုင်း ဖြစ်ပျက်နေကျ ထူးဆန်းပြီး နားမလည်နိုင်စရာ ရွှေ့ပြောင်းသွားလာမှုတစ်ခုဖြစ်တယ်လို့ တာဝန်ရှိသူတွေက မတ်လ ၃၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း (အီသန်ဒေသ) က ဘိုင်ကန် (Bueng Kan) ပြည်နယ်မှာရှိပြီး လာအိုနိုင်ငံနဲ့လည်း နီးတဲ့ ဖူဝူအာ (Phu Wua) တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရဲ့ အကြီးအကဲဖြစ်သူ ဝိသနု ကွန်ပါ (Vissanu Kumpa) က သတင်းထောက်တွေကို ပြောကြားရာမှာတော့ ဘန်သာဒေါ့ခမ်း (Ban Tha Dok Kham) ရွာက စေတနာ့ဝန်ထမ်း တောအုပ်တွေဟာ ဘိုင်ခွန်လောင် (Bueng Khong Long) ခရိုင်အတွင်းရှိ ပတ်ဟွေနခေါ့ (Pak Huai Na Khok) အနီးမှာ အဆိုပါဆင်ရိုင်း မြစ်ထဲဆင်းပြီး လာအိုဘက်ခြမ်းကို ဦးတည်သွားနေတာကို တွေ့ရှိခဲ့ကြတာပါ။ ဆင်ဟာ မနက် ၆ နာရီဝန်းကျင်လောက်မှာ မြစ်ကို စတင်ဖြတ်ကူးခဲ့တာဖြစ်ပြီး ဘေးမဲ့တော နယ်နိမိတ်နဲ့ ၁ ဒသမ ၂ ကီလိုမီတာလောက် ဝေးတဲ့နေရာကနေ ကူးသွားတာ ဖြစ်ပါတယ်။
ဖူဝူအာတောအုပ်အရာရှိတွေဟာ မြစ်ကမ်းတစ်လျှောက် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြသလို လာအိုနိုင်ငံဘက်က ဘန်ခွန်ခွန်း (Ban Khon Khueng) ဒေသခံ အာဏာပိုင်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ထားပါတယ်။ ဆင်ကို အန္တရာယ် မပြုကြဖို့နဲ့ ဆင်ကို တွေ့ရှိခဲ့ရင် ထိုင်းအရာရှိတွေကို ချက်ချင်းအကြောင်းကြားပေးဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီဆင်ဟာ အခုလို အမူအကျင့်မျိုး လုပ်ဆောင်နေတာ နှစ်အတော်ကြာပြီဖြစ်ပြီး များသောအားဖြင့် မတ်လနဲ့ ဧပြီလကြားမှာ ကူးခတ်လေ့ရှိတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
“မြစ်ရေက တော်တော်နက်တာမို့ ဆင်က မြစ်ထဲမှာ မျောပြီး ကူးသွားတာပါ။ ပြီးရင် မြစ်လယ်က ကျွန်းငယ်လေးတွေပေါ်မှာ လမ်းလျှောက်သွားပါတယ်” လို့ ဝိသနုက ပြောပါတယ်။
ဒါ့အပြင်”ဟိုဘက်ခြမ်းရောက်ရင် သူဘာသွားလုပ်သလဲဆိုတာကိုတော့ ကျွန်တော်တို့ အတိအကျ မသိရသေးပါဘူး။ တချို့ကတော့ အဖော်ရှာတာလို့ ထင်ကြပေမဲ့ အစားအစာ ရှာတာဖြစ်ဖို့ ပိုများပါတယ်။ ကျွန်တော်တို့ဘက်မှာက သီးနှံတွေ ရိတ်သိမ်းပြီးသွားပြီ၊ ဒါပေမဲ့ လာအိုဘက်မှာတော့ သူကြိုက်တဲ့ ကြံတွေနဲ့ သစ်သီးဝလံတွေ ရှိနေသေးလို့ပါ” လို့ သူက ဆက်ပြောပါတယ်။
ဘေးမဲ့တော တာဝန်ရှိသူတွေအနေနဲ့ ဆင်ရဲ့ နှစ်စဉ် ခရီးစဉ်ကို လေ့လာစောင့်ကြည့်ရင်း ဆင်ရဲ့ ဘေးကင်းလုံခြုံရေးအတွက် လာအိုဘက်က တာဝန်ရှိသူတွေနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Ref : Khaosod
