




သက်တံ့
၃. ၄. ၂၀၂၆
ဒီနေ့ည ကျင်းပနေတဲ့ One Friday Fights 149 မှာ မာဂုဏ်လည်းနိမ့်၊ Fight IQ လည်းနည်းတဲ့ သန့်ဇင်ဟာ ထိုင်းပြိုင်ဘက် ဂျာရတ်ချိုင်းရဲ့ ကန်ချက်တွေကြောင့် ပထမအချီတင် အလဲအကန်ခံရပြီး ထပ်ရှုံးပေမဲ့ အောက်ချင်းလေး ဟာလိမ်းအွမ်က ထိုင်းပြိုင်ဘက်ကို အလဲထိုးအနိုင်ယူခဲ့ပါတယ်။
ဒီနေ့ညအရှုံးဟာ သန့်ဇင်အဖို့ ငါးပွဲဆက်အရှုံးပါ။ ဘော်ဒီရှော့တွေကြောက်လို့ ဂတ်ချထားတဲ့ သန့်ဇင်လက်ဟာ ခေါင်းကကျနေပြီး ဒီလွတ်နေတဲ့ခေါင်းကိုပဲ ဂျာရတ်ချိုင်းက ကန်သွားတာပါ။ ခေါင်းအကန်ခံရတဲ့သန့်ဇင်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ထက် သူ့ပုံစံအတိုင်း အေးဆေးပါသဘောနဲ့ လှောင်ဖို့ပြင်နေချိန်မှာ ဒူးပျံထပ်မိပါတယ်။ ခြေကန်ချက်နဲ့ ဒူးပျံ ဆက်တိုက်မိလို့ တုံ့ပြန်မှုမဲ့သွားတဲ့သန့်ဇင် ဖြောင့်လက်သီးဆက်အကျွေးခံရပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုမဲ့သွားချိန်မှာ ခေါင်းကို ခြေကန်ချက်ထပ်မိပြီး စင်ပေါ်တင် အတောင့်လိုက် မေ့လဲသွားသလို ဂျာရတ်ချိုင်းကလည်း ဘတ် ၃၅၀၀၀၀ ဆုကြေးဆွတ်ခူးသွားပါတယ်။
ဟာလိမ်းအွမ်နဲ့ ခွန်ဆွတ်ခ်တို့ပွဲမှာတော့ ခွန်ဆွတ်ခ်က ငါးနှစ်ငယ်ပေမဲ့ နေရိုင်းကို နိုင်ဖူးထားသလို One မှာလည်း ၁၃ ပွဲအထိ အတွေ့အကြုံရင့်သူပါ။ ဟာလိမ်းအွမ်ကတော့ သုံးပွဲမှာ တစ်ပွဲပဲ နိုင်ဖူးထားပေမဲ့ ဒီပွဲမှာ ယုံကြည်မှုအပြည့်နဲ့ ပွဲထွက်လာပါတယ်။ ပွဲစတာနဲ့ အောက်ခြေလိုက်ကန်နေတဲ့ ခွန်ဆွတ်ခ်ကို ဟာလိမ်းအွမ် ဘယ်ညာတွဲလုံးတွေနဲ့ တိုက်စစ်ဖွင့်ပါတယ်။ အောက်ခြေကန်ချက်တွေ အလုပ်မဖြစ်တာသိသွားတဲ့ ခွန်ဆွတ်ခ်ဟာ လက်သီးချင်းယှဥ်ထိုးရာမှာလည်း သိပ်အလုပ်မဖြစ်ဘဲ Clean Shot တွေပေးရပြီး ထိချက်နာလို့ ပထမအချီမှာ ဟာလိမ်းအွမ် သာပါတယ်။
ဒုတိယအချီစတာနဲ့ ဟာလိမ်းအွမ်က ခွန်ဆွတ်ခ်ကို ထောင့်ပိတ်ပြီး ဘီလူးဆိုင်းတီးပါတယ်။ သမ္ဘာနဲ့ မာဂုဏ်မြင့်တဲ့ ခွန်ဆွတ်ခ်ကလည်း ဟာလိမ်းအွမ်ကို သူတင်ကိုယ်တင်ထိုးနိုင်လို့ ပွဲကြမ်းဖြစ်ခဲ့ပြီး ပူးသွားတာနဲ့ အောက်ချင်းလေးအနှိုက်တွေက ကြောက်စရာကောင်းလှသလို တံတောင်ရိုက်တာတွေကလည်း အသာရနေလို့ ခွန်ဆွတ်ခ် ပူးလိုက်ခွာလိုက်တိုက်နေရပြီး ဒုတိယအချီပြီးလုမှာ ခွန်ဆွတ်ခ်ကျသွားပေမဲ့ အထဦးသွားလို့ အမှတ်စဥ် အရေမခံလိုက်ရတာ ဟာလိမ်းအွမ် နစ်နာသွားပါတယ်။
နှစ်ချီ စီးထားပေမဲ့ ပြိုင်ဘက်က ထိုင်းဖိုက်တာဖြစ်နေလို့ တတိယအချီမှာလည်း ဟာလိမ်းအွမ် ဖိဖို့ကြိုးစားပါတယ်။ ထိုင်းဖိုက်တာကို အမှတ်စဥ်အရေခံရအောင်မှ မထိုးနိုင်ရင် မြန်မာဖိုက်တာ ဘယ်လောက်သာသာ နိုင်ဖို့မသေချာတာကလည်း One ရဲ့ ပုံသေနည်းဖြစ်နေတာလည်း ပါပါမယ်။ ဒါပေမဲ့လည်း ခွန်ဆွတ်ခ်ကလည်း အရမ်းမာလွန်းနေပြီး ဟာလိမ်းအွမ် သုံးချီစလုံး ဘီလူးဆိုင်းတီးနေတာကို မကျခဲ့ပါဘူး။ ဒါပေမဲ့ ဒီနေ့ပွဲမှာ ဟာလိမ်းအွမ်သာတာက သုံးချီစလုံး အသိသာကြီးဖြစ်နေတာကြောင့် One Championship လည်း ဘက်မလိုက်ရဲတော့ဘဲ ဒိုင်အများစုဆုံးဖြတ်ချက်အရ ဟာလိမ်းအွမ်က အနိုင်ရသွားခဲ့ပါတယ်။
ဟာလိမ်းအွမ်ဟာ One လေးပွဲမှာ တစ်ပွဲထက်တစ်ပွဲ တိုးတက်မှုသိသာလာခဲ့ပြီး သန့်ဇင်နဲ့ ပြောင်းပြန်အချိုးကျနေတာကို တွေ့ရပါတယ်။ ထိုင်းဖိုက်တာတွေနဲ့အပြိုင် တံတောင်ရိုက်တာတွေ၊ ပတ်တံတောင်တွေ၊ ဒူးတိုက်ချက်တွေ၊ ချုပ်ဒူးတွေ၊ နှိုက်လက်သီးတွေ သတ်ကွက်အစုံမြင်ရတဲ့အပြင် အချုပ်ခံရရင် ဘာမှ မလုပ်တတ်တဲ့ မြန်မာဖိုက်တာတွေထဲမှာ ထူးထူးခြားခြားလို့ကိုဆိုရမဲ့ အချုပ်ခံရချိန်မှာ အဖြေရှာတတ်တဲ့ ဖိုက်တာဖြစ်နေတာကလည်း ဟာလိမ်းအွမ် ဒီနေ့ပွဲအနိုင်ရခဲ့တဲ့ အားသာချက်ပါပဲ။
