
နေမိုး
၃. ၄. ၂၀၂၆
ပဲခူး PDF များ ဖျက်ဆီးလိုက်သော တာဝါတိုင်များ ပြင်ဆင်ပြီးစီးသဖြင့် ဓာတ်အားလိုင်းအတွင်းသို့ မဂ္ဂါဝပ် ၃၀၀ ခန့် ပြန်လည်ပို့လွှတ်နေပြီဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေတွင် ဓာတ်အားချွေတာသုံးစွဲပါရန်လည်း မေတ္တာရပ်ခံကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယနေ့ထုတ်ပြန်သည့် မိဘပြည်သူများထံသို့ ၂၃၀ ကေဗွီ ရွှေတောင် – မြောင်းတကာ အမှတ်(၁+၂) ဓာတ်အားလိုင်း ဓာတ်အားပြန်လည်ပို့လွှတ်ပြီးစီးမှု အသိပေးပန်ကြားစာတွင် ဖော်ပြထားသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၄၁ မိနစ်ခန့်အချိန် (၂၃၀ )ကေဗွီ ရွှေတောင်-မင်းလှ-မြောင်းတကာ ဓာတ်အားလိုင်းအား မင်းလှမြို့အနီး၌ NUG ဩဇာခံ ပဲခူး PDF အဖွဲ့မှ ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင် (၂) တိုင်ပြိုလဲခဲ့ပြီး တာဝါတိုင် (၂) တိုင်မှာ တိမ်းစောင်းသွားခဲ့ခြင်းကြောင့် အဆိုပါ ဓာတ်အားလိုင်းများ ပြုပြင်ခြင်းလုပ်ငန်းများအား ညွှန်ကြားရေးမှူး(စက်/လျှပ်) ဦးဆောင်သော (၁၀ + ၁၂၅) စုစုပေါင်း (၁၃၅) ဦးပါဝင်သော ပြန်လည်ပြုပြင်ရေးအဖွဲ့များသည် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၏ လုံခြုံရေးစီစဉ်ဆောင်ရွက်မှုဖြင့် မတ်လ ၂၈ ရက်မှ ယနေ့ ဧပြီ ၃ ရက်အတွင်း တိုင်အမှတ် ၃၁၀ နှင့် ၃၁၁) တာဝါ(၂)တိုင် ပြိုလဲပျက်စီးမှုများအား ပြန်လည် ပြုပြင်နိုင်ရေး ပျက်စီးတာဝါတိုင်များအား ဖြုတ်သိမ်းခြင်းနှင့် တာဝါတိုင်အသစ်(၂)တိုင် ပြန်လည်တည် ဆောက်တပ်ဆင်ခြင်းလုပ်ငန်းများအား လုပ်ဆောင်ခဲ့သည်။
ထို့အပြင် တိုင်အမှတ် ၃၀၉ နှင့် ၃၁၂ တာဝါ(၂)တိုင် ယိုင်/ စောင်းမှုအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများနှင့် တိုင်အမှတ် ၃၀၉ မှ ၃၁၂ အကြား ဓာတ်အားလိုင်းကြိုးပျက်စီးမှုနေရာများအား ပြန်လည်ပြုပြင်ခြင်းနှင့် ဓာတ်အားလိုင်းကြိုး၊ Earth Wire၊ OPGW ကြိုးများ ပြန်လည်ချိတ်ဆွဲတပ်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့သဖြင့် ဧပြီ ၂ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် ၂၃၀ ကေဗွီ ရွှေတောင် – မြောင်းတကာ အမှတ်(၁) ဓာတ်အားလိုင်းအားလည်းကောင်း၊ ယနေ့ ဧပြီ ၃ ရက် ညနေ ၅ နာရီ မိနစ် ၂၀ တွင် ၂၃၀ ကေဗွီ ရွှေတောင် – မြောင်းတကာ အမှတ်(၂) ဓာတ်အားလိုင်းအား လည်းကောင်း ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ပို့လွှတ်လျက်ရှိသည်။
သို့ဖြစ်ပါ၍ အဆိုပါ အမှတ်(၁+၂) ဓာတ်အားလိုင်းဖြင့် အထက်မြန်မာပြည်မှ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား (၃၀၀)မဂ္ဂါဝပ်ခန့်အား ဓာတ်အားစနစ်အတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဓာတ်အားပို့လွှတ်ထားရှိကြောင်းနှင့် ယခုလက်ရှိအခြေအနေတွင် လိုအပ်သော လျှပ်စစ်ဓာတ်အားကိုသာ ချွေတာသုံးစွဲခြင်းပြုလုပ်ပေးပါရန် မိဘပြည်သူများထံသို့ လေးစားစွာ မေတ္တာရပ်ခံ အသိပေးပန်ကြားထားသည်။
