သက်တံ့
၃. ၄. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မင်းဘူရီခရိုင်ရှိ နေအိမ်တစ်လုံးတွင် ၇ နှစ်အရွယ် သမီးငယ်ကို သတ်ဖြတ်ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးအား ချောင်ဘူရီပြည်နယ်၊ ခို့လန်းကျွန်းတွင် ယမန်နေ့ ဧပြီလ ၂ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
ဤဖြစ်ရပ်သည် မတ်လ ၃၁ ရက် (အင်္ဂါနေ့) က မြန်မာနိုင်ငံသူ အဘွားဖြစ်သူက “စု” ဟု အမည်ရသည့် ၇ နှစ်အရွယ် မြေးမလေးကို စင်ဖိ သီရိရတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာမှ စတင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အစပိုင်းတွင် အဘွားဖြစ်သူက ကလေးသေဆုံးရသည့်အကြောင်းရင်းကို မသိရှိကြောင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ပြောကြားခဲ့သည်။
သို့သော် ဆရာဝန်များက ကလေးငယ်၏ လည်ပင်းတွင် ညှစ်သတ်ခံထားရသည့် ဒဏ်ရာများကို တွေ့ရှိခဲ့သဖြင့် နှိပ်စက်ညှဉ်းပန်းမှုဖြစ်နိုင်သည်ဟု သံသယရှိကာ မင်းဘူရီရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်စဉ် အဘွားဖြစ်သူက ၎င်း၏သမီးဖြစ်သူ အသက် ၃၄ နှစ်အရွယ် မျိုးပပထွန်းမှာ ကျူးလွန်သူဖြစ်နိုင်သည်ဟု သံသယရှိကြောင်း နောက်ပိုင်းတွင် ထွက်ဆိုခဲ့သည်။
မိခင်ဖြစ်သူ မျိုးပပထွန်းသည် ကလေးငယ်သေဆုံးမှု မပေါ်ပေါက်မီအချိန်တွင် အိမ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏မိခင် (ကလေးအဘွား) ကိုမူ အခြားတစ်နေရာသို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
အဘွားဖြစ်သူ၏ ထွက်ဆိုချက်အရ အိပ်ခန်းအတွင်း၌ ကလေးငယ်၏ ရုပ်အလောင်းကို တွေ့ရှိချိန်တွင် လည်ပင်း၌ ကြိုးဖြင့် ချည်နှောင်ထားသည့် ရေပုလင်း ၆ ပုလင်းပါသော ကျောပိုးအိတ်တစ်လုံးကို တွေ့ရှိခဲ့ရသည်။ ထိုအိတ်ကို ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ပစ်ချလိုက်ခြင်းကြောင့် ကလေးငယ်မှာ လည်ပင်းညှစ်မိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က ရှာဖွေမှုများ စတင်ပြုလုပ်ခဲ့ရာ ယမန်နေ့ ဧပြီလ ၂ ရက်နေ့တွင် ခို့လန်းကျွန်းရှိ ဟိုတယ်တစ်ခု၌ မျိုးပပထွန်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းက သမီးဖြစ်သူကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး စိတ်ဖိစီးမှုများကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
သူမသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ရည်ရွယ်ချက်ရှိခဲ့ပြီး သမီးဖြစ်သူကို အရင်သတ်ပြီးမှ မိမိကိုယ်ကိုယ် သတ်သေရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် သတ်မသေဖြစ်တော့ဘဲ အိမ်မှ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိများထံ ထွက်ဆိုခဲ့သည်။
ထို့အပြင် သူမအနေဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခက်အခဲများကြောင့် စိတ်ကျရောဂါ (Depression) ခံစားနေရကြောင်းလည်း ထွက်ဆိုခဲ့သည်။ သူမသည် ယခင်က ဘရူနိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ယခုဖြစ်ရပ်မတိုင်မီ ရက်ပိုင်းအလိုကမှ သမီးဖြစ်သူကို တွေ့ရန် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က သူမအား ဥပဒေအရ အရေးယူနိုင်ရန် မင်းဘူရီရဲစခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ သူမကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၈ အရ “ရည်ရွယ်ချက်ရှိရှိ လူသတ်မှု” ဖြင့် အမှုဖွင့်ထားပြီး အဆိုပါပုဒ်မသည် သေဒဏ်၊ တစ်သက်တစ်ကျွန်း သို့မဟုတ် ထောင်ဒဏ် ၁၅ နှစ်မှ နှစ် ၂၀ အထိ ပြစ်ဒဏ်ကျခံရနိုင်သည့် ပုဒ်မဖြစ်သည်။
Ref : The Thaiger
