၂၀.၃.၂၀၂၆
Written By Thandar
Pop တေးသီချင်းချိုချိုလေးတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ တေးသံရှင် မေစပယ်ညိုက ကိုယ်ပိုင်သံစဉ် “စိတ်မဆိုးရဘူးနော်” သင်္ကြန်တေးသီချင်းသစ်လေးကို Risk တွေအရမ်းများပေမယ့် အကောင်းဆုံးကြိုးစားထားတာမို့ အားပေးဖို့ ဖွင့်ဟလာပါတယ်။
“သင်္ကြန်သီချင်းလေးတွေ လုပ်ချင်နေတာကတော့ ကြာပါပြီ။ စပယ်မှာက အချစ်သီချင်းတွေ အလွမ်းအဆွေး သီချင်းတွေ ပဲများနေတာမို့လေ။ ပထမက သင်္ကြန်သီချင်းအတွက် သီချင်းဟောင်းလေးတွေလည်း လိုက်ကြည့်ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆီမှာ သင်္ကြန်သီချင်းမရှိတာရော၊ ကိုယ်ပိုင်သီချင်းလေးလိုချင်တာပေါ့နော်။ စပယ်အနေနဲ့ သင်္ကြန်သီချင်း ကိုယ်ပိုင်လေးရှိသွားအောင် ဆိုဖြစ်လိုက်တာပါ။ ဟဲလေးက သင်္ကြန်သီချင်းရေးထားတာကိုလည်း သဘောကျတယ်။ သူရေးတဲ့ သီချင်းတွေက ပရိသတ်နားစွဲလွယ်တဲ့ သီချင်းလေး၊ နောက် ချစ်စရာကောင်းပါတယ်။ ကိုယ်နဲ့လိုက်ဖက်တာကို ရေးပေးတာပါ။ စိတ်မဆိုးရဘူးနော်။ သင်္ကြန်သီချင်းအသစ်တွေ လုပ်ရတာပါ။ ခုနောက်ပိုင်းက ပေါက်သီချင်းတွေပြန်လုပ်ကြတာများတော့ စပယ်တို့ သီချင်းသစ်တွေ ပြန်လုပ်ရတာ Risk လည်း အရမ်းများပါတယ်။ စပယ်သီချင်းတို့ သင်္ကြန်သီချင်းသစ်လေးတွေကို ပရိသတ်က သေချာနားထောင်ပေးစေချင်ပါတယ်”လို့ တေးသံရှင် မေစပယ်ညိုက ပြောပါတယ်။
အဆိုပါ တေးသီချင်းကို တေးရေးဆရာအနေနဲ့ ဟဲလေးက ရေးသားပေးထားတဲ့ Pop ချိုချိုလေး သီဆိုထားတာလည်း ဖြစ်ပါတယ်။ Mixing & Mastering အနေနဲ့ ကျော်ကြီး၊ Harmony ကို ဇင်မာဝင်းက သီဆိုပေးထားပြီး ဒါရိုက်တာ ကိုရဲနိုင်ကျော်က ရိုက်ကူးပုံဖော်ပေးထားတယ်လို့ သိရပါတယ်။
မေစပယ်ညိုကတော့ တချိန်က အလွမ်းရက်နေ့ရှည်၊ ပေးဆပ်ခွင့်၊ ဒီဇင်ဘာအချစ် စတဲ့ တေးသီချင်းများစွာ ပရိသတ်နဲ့ ရင်ဘတ်ချင်းနီးခဲ့တာလည်းဖြစ်ပါတယ်။ မကြာခင်မှာလည်း ကိုယ်ပိုင်သံစဉ် တေးသီချင်းတွေ ထွက်လာဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။
#မေစပယ်ညို #MaySabelNyo #MyanmarSinger #စိတ်မဆိုးရဘူးနော် #MyanmarFestival #WaterFestival #သင်္ကြန်သီချင်းသစ်





