၂၀.၃.၂၀၂၆
Translated by Htwe Ko Tun
ယူကရိန်းအစိုးရက ရုရှားရေနံကို ဒရုဇ်ဘာ (Druzhba) ပိုက်လိုင်းမှတစ်ဆင့် ပို့ဆောင်မှုကို ရပ်ဆိုင်းထားခဲ့ချိန်မှာ ပြဿနာကို အပြည့်အဝ မဖြေရှင်းရသေးတဲ့အတွက် ဥပဒေရှုထောင့်မှကြည့်ရင် ယူကရိန်းကို ဥရောပသမဂ္ဂရဲ့ စစ်ရေးချေးငွေ ယူရို ဘီလျံ ၉၀ ပေးအပ်မှုကို ဟန်ဂေရီက ပိတ်ဆို့ပိုင်ခွင့် အပြည့်အဝရှိတယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က သတင်းထောက်တွေကို မတ်လ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ဥရောပသမဂ္ဂကောင်စီက ယူကရိန်းကို ဤရန်ပုံငွေတွေ ခွဲဝေပေးဖို့ ဆုံးဖြတ်ခဲ့စဉ်က ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနဲ့ ချက်သမ္မတနိုင်ငံ သုံးနိုင်ငံက အစီအစဉ်မှာ ပါဝင်ဖို့ ငြင်းဆိုခဲ့ပေမယ့် အခြားသူတွေ ပါဝင်ခြင်းမှ မတားဆီးခဲ့ဘူးလို့ သူက ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ဒါပေမယ့် ဟန်ဂေရီအပေါ် ယူကရိန်းက ရေနံပိတ်ဆို့မှု ချမှတ်ထားသောကြောင့် အခြေအနေမှာ ထိုအချိန်မှစ၍ ပြောင်းလဲသွားပါပြီလို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဗစ်တာအော်ဘန်က”တစ်ချိန်တည်းမှာပဲ ချေးငွေခွဲဝေချထားပေးရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့ လုပ်ငန်းစဉ်ကို အပြီးသတ် မဆုံးဖြတ်ရသေးပါဘူး။ ဥပဒေရေးရာ ရှုထောင့်ကနေကြည့်ရင် ကျွန်တော်တို့မှာ ဒီလိုလုပ်ဖို့ အခွင့်အရေးရှိတယ်ဆိုတာ အခြေအနေက ရှင်းနေပါတယ်”လို့ Orban က ယူကရိန်းက ရေနံပိုက်လိုင်း ပြန်လည်လည်ပတ်တဲ့အထိ ချေးငွေ ယူရို ဘီလျံ ၉၀ ခွဲဝေချထားပေးမှုကို ဟန်ဂေရီက တားဆီးဖို့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။
ဥရောပသမဂ္ဂက အဖွဲ့ဝင်နိုင်ငံတွေဆီက ပူးတွဲချေးငွေနဲ့ ယူကရိန်းကို ဒီရန်ပုံငွေတွေ ပေးအပ်လိုပြီး ဥရောပသမဂ္ဂရဲ့ အထွေထွေဘတ်ဂျက်ကနေ အတိုးပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ဖို့ သီးခြားစာရွက်စာတမ်းတစ်ခုကို တညီတညွတ်တည်း အတည်ပြုဖို့ လိုအပ်ပါတယ်။ ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားတို့က ယူကရိန်းက ရေနံပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ တောင်းဆိုပြီး ဒီလိုလုပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ “ယူကရိန်းတွေက ဒီဇင်ဘာလမှာ ဟန်ဂေရီကို ရေနံပိတ်ဆို့မှု ချမှတ်ခဲ့ရင် ဒီ ယူရို ဘီလျံ ၉၀ ချေးငွေကို ကျွန်တော်တို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆုံးဖြတ်ချက်ကို အတည်ပြုပြီးတဲ့နောက်မှာ ကျွန်တော်တို့ ရေနံပိတ်ဆို့မှုကို ခံခဲ့ရပြီး ဘာမှမဖြစ်ခဲ့ဘူးလို့ ကျွန်တော် ဟန်ဆောင်လို့ မရပါဘူး” လို့ အော်ဘန်က အလေးပေးပြောကြားခဲ့ပါတယ်။
တခြား ဥရောပသမဂ္ဂ ခေါင်းဆောင်တွေရှေ့မှာ သူ့ရဲ့ရပ်တည်ချက်ကို ကာကွယ်ဖို့က ခက်ခဲတယ်ဆိုတာ အော်ဘန်က ဝန်ခံခဲ့ပေမယ့် နောက်မဆုတ်ခဲ့ပါဘူး။ ဒါကြောင့်လည်း အခုအပတ် ဘရပ်ဆဲလ်မှာ ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးဟာ တင်းမာနေခဲ့ပါတယ်။
Ref- Tass
