၂၀. ၃. ၂၀၂၆
Written by Nyein Kyaw
မြန်မာနိုင်ငံအတွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI)များအား အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်ငွေဖြင့်ပါ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ထုတ်ပြန်ထားသည်။
ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုလွယ်ကူချောမွေ့စေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးသို့ အဆိုပြုချက်နှင့် အတည်ပြုလျှောက်ထားလွှာများ တင်ပြလျှောက်ထားရာတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားမတည်ငွေရင်းကို အမေရိကန်ဒေါ်လာ (USD) အပြင် တရုတ်ငွေကြေးယွမ် (CNY) ဖြင့်ပါ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားမတည်ငွေရင်းကို အမေရိကန်ဒေါ်လာ (USD) ဖြင့် ယူဆောင်လာပါက အမေရိကန်ဒေါ်လာ (USD) ဖြင့်လည်းကောင်း၊ တရုတ်ငွေကြေး ယွမ် (CNY) ဖြင့် ယူဆောင်လာပါက တရုတ်ငွေကြေးယွမ် (CNY) ဖြင့်လည်းကောင်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုအတွက် လွှဲပြောင်းပေးချေမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံအတွင်း စီးပွားရေးကဏ္ဍ ၁၂ ခုတွင် နိုင်ငံဒေသပေါင်း ၅၃ ခုမှ နိုင်ငံခြားရင်းနှီးမှုနှံမှု ဒေါ်လာ ၉၆ ဘီလျံကျော် လာရောက်ရင်းနှီးမြှုပ်နှံထားပြီး ယင်းတို့အနက် စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးရင်းနှီးမြှုပ်နှံထားကြောင်း MIC မှ သိရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ၁၂ ခုတွင်လည်း အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၇ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် အစဉ်လိုက်အများဆုံး ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။
