◾ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက်ကာ ကိုယ်စားလှယ်တော်ဦးရေ ပျက်ကွက်မရှိ တက်ရောက်
၂၀.၃ . ၂၀၂၆
Written by Thiri
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဒီနေ့ မတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီမှာ စတင်ကျင်းပခဲ့ပြီး တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြတယ်လို့ သိရပါတယ်။
လွှတ်တော် ပထမပုံမှန်အစည်းအဝေးရဲ့ ပထမနေ့အစီအစဥ်အတိုင်း လွှတ်တော်ကိုယ်စားလှယ်တွေ သတ်မှတ်နေရာမှာ နေရာယူပြီးနောက် တိုင်းဒေသကြီးလွှတ်တော် သဘာပတိအဖြစ် ဦးနိုင်လင်းဆွေ(ခ)ဦးထွန်းထွန်းဦး၊ ရွှေတောင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ အမှတ်(၁) ကို ရွေးချယ်တင်မြှောက်ခဲ့ပြီး သဘာပတိက လွှတ်တော်ရဲ့ ရှေ့မှောက်မှာ ကတိသစ္စာပြုပြီးနောက် အဆိုပါ သဘာပတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးပါတယ်။
အဲဒီနောက် သဘာပတိမှ ကတိသစ္စာပြု နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကာ တက်ရောက်လာတဲ့ကိုယ်စားလှယ်တော်ဦးရေ ရာနှုန်းပြည့်တက်ရောက်ကြတဲ့အတွက် အစည်းအဝေးအထမြောက်ကြောင်း ကြေညာခဲ့ပါတယ်။
ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌရွေးကောက်တင်မြှောက်ရာ ဥက္ကဋ္ဌအဖြစ် ဦးအောင်ချိုဦး၊ ပြည်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ အမှတ် (၁)မဲဆန္ဒနယ်နဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးကျော်ဌေး၊ ဖြူးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ အမှတ်(၂)မဲဆန္ဒနယ်တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။
ဒီကနေ့ အစည်းအဝေးကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၇၆)ဦး တက်ရောက်ခွင့်ရှိပြီး ခွင့်တိုင်ကြားသူ လွှတ်တော်ကိုယ်စားလှယ်မရှိဘဲ အားလုံးတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။



