သက်တံ့
၂၀. ၃. ၂၀၂၆
အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း အမေရိကန်စစ်တပ်ဟာ ဒရုန်း ၁၂ စီးနဲ့ လေယာဉ် ၄ စီး အပါအဝင် စစ်ဘက်ဆိုင်ရာလေယာဉ် စုစုပေါင်း ၁၆ စီး ဆုံးရှုံးခဲ့ရကြောင်း Bloomberg သတင်းဌာနက အစီရင်ခံစာတစ်ခုကို ကိုးကားပြီး အတည်ပြု ဖော်ပြထားပါတယ်။
ဆုံးရှုံးခဲ့ရတဲ့ ဒရုန်းတွေအားလုံးဟာ အနောက်အာရှနဲ့ အခြားဒေသတွေရှိ အီရန်နဲ့ ရန်သူတော်တွေကို တိုက်ခိုက်ရာမှာ အမေရိကန်စစ်တပ်က အမြဲတမ်း အသုံးပြုလေ့ရှိတဲ့ လက်နက်တပ်ဆင်ထားတဲ့ Reaper ဒရုန်းတွေ ဖြစ်ပါတယ်။ အဲဒီဒရုန်းတွေဟာ တိုက်လေယာဉ်တစ်စင်းစာခန့်အထိ အရွယ်အစား ကြီးမားသလို တစ်စင်းကို ဒေါ်လာ သန်း ၃၀ ကျော် တန်ဖိုးရှိတာကြောင့် ပြည်တွင်းသုံး (ATR) လေယာဉ်တွေထက်တောင် တန်ဖိုး ပိုမိုမြင့်မားပါတယ်။
ပျက်စီးဆုံးရှုံးခဲ့တဲ့ လေယာဉ် ၄ စီးမှာတော့ ကူဝိတ်စစ်တပ်က မတော်တဆ မှားယွင်းပစ်ခတ်မှု (Friendly fire) ကြောင့် ပျက်ကျခဲ့ရတဲ့ F-15 တိုက်လေယာဉ် ၃ စီး၊ အီရတ်နိုင်ငံ ဝေဟင်ထက်မှာ ဆီဖြည့်တင်းရေး လုပ်ဆောင်နေစဉ် မတော်တဆမှုဖြစ်ပွားကာ ပျက်ကျခဲ့တဲ့ K-135 ဆီဖြည့်လေယာဉ် ၁ စီးတို့ ပါဝင်ပါတယ်။ အဆိုပါ ဆီဖြည့်လေယာဉ် မတော်တဆမှုအတွင်း လေယာဉ်အမှုထမ်း ၆ ဦးစလုံး သေဆုံးခဲ့ပါတယ်။
ဒီဆုံးရှုံးမှုတွေဟာ အနောက်အာရှရှိ အမေရိကန်လေတပ်စခန်းတစ်ခုမှာ အီရန်ရဲ့ ပစ်ခတ်မှုကြောင့် အမေရိကန်ရဲ့ အဆင့်မြင့် ကိုယ်ပျောက်လေယာဉ် (Stealth Fighter) ဖြစ်တဲ့ F-35 တိုက်လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း CNN က သတင်းထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ ဒီအစီရင်ခံစာ ထွက်ပေါ်လာတာပါ။ အဆိုပါ F-35 ဟာ အီရန်ရဲ့ ပစ်ခတ်မှုကြောင့် ထိမှန်ခဲ့တယ်လို့ ယူဆရပေမဲ့ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (US Central Command) ကတော့ လေယာဉ်အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး လေယာဉ်မှူးမှာ စိုးရိမ်စရာမရှိကြောင်းနဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဆော်ဒီအာရေဗျရှိ Prince Sultan လေတပ်စခန်းကို အီရန်က တိုက်ခိုက်ခဲ့စဉ်အတွင်း ဆီဖြည့်လေယာဉ် ၅ စီး ပျက်စီးခဲ့ကြောင်း Wall Street Journal ကလည်း ပြီးခဲ့တဲ့အပတ်မှာ ဖော်ပြခဲ့ပါသေးတယ်။ လက်ရှိစစ်ပွဲအတွင်း အမေရိကန်စစ်သည် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
Bloomberg ရဲ့ သတင်းရင်းမြစ်များအရ Reaper ဒရုန်း အနည်းဆုံး ၉ စီးကို အီရန်ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့ပြီး အခြား ဒရုန်း ၁ စီးကတော့ ဂျော်ဒန်နိုင်ငံရှိ လေယာဉ်ကွင်းတစ်ခုမှာ ဒုံးကျည်နဲ့ အတိုက်ခိုက်ခံရစဉ် ပျက်စီးခဲ့တာပါ။ ကျန်ရှိတဲ့ ဒရုန်း ၂ စီးကတော့ မတော်တဆမှုတွေကြောင့် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ကို သုံးပတ်ကြာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ပေမဲ့ အခုအချိန်အထိ အီရန်ဝေဟင်ထက်မှာ လုံးဝဥဿုံ လေကြောင်းအသာစီးရမှု (Absolute air superiority) မရရှိသေးပါဘူး။ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Dan Caine ကလည်း အမေရိကန်ဟာ အီရန်ဝေဟင်ရဲ့ သတ်မှတ်ထားတဲ့ နေရာအချို့မှာသာ စိုးမိုးထားနိုင်ပြီး ကျန်ရှိတဲ့ ဝေဟင်ပိုင်နက်တွေမှာတော့ ဆက်လက်တိုက်ခိုက်နေရဆဲ အခြေအနေမှာသာ ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။
Ref : FP News Desk
