




၂၀.၃.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊တံခွန်တိုင် (အင်းစိန်)ကျေးရွာ၊ အမှတ် (၃)လမ်းဆုံတိုးဂိတ်အနီးတွင် မတ်လ ၂၀ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က Elite ခရီးသည်တင် အဝေးပြေးမော်တော်ယာဥ်ကို လိုက်ထရက်ယာဥ် ဝင်တိုက်သဖြင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
ရန်ကုန်မှ မန္တလေးသို့ပြေးဆွဲသည့် ခရီးသည် ၂၅ဦးလိုက်ပါလာသော Elite ခရီးသည်တင်ယာဥ်ကို ရန်ကုန်မှ ပဲခူးသို့ မောင်းနှင်လာသော I -ZONE အမျိုးအစား အဖြူရောင်မော်တော်ယာဥ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်သဖြင့် I -ZONE ယာဥ်ပေါ်မှ ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်တို့ နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် I -ZONE အမျိုးအစား မော်တော်ယာဥ်ကို မောင်းနှင်သော အသက် ၃၃ နှစ်အရွယ် ခွန်သန်းထွန်းနှင့် အသက် ၂၅ နှစ်အရွယ် ယာဥ်နောက်လိုက် ကိုစည်သူအောင်မှာ ကားခေါင်းခန်းအတွင်း ညပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဝင်တိုက်တဲ့ကားက တော်တော်ပျက်စီးသွားတယ်။ ကားပေါ်က ပါလာတဲ့သူ နှစ်ယောက်လည်း နေရာမှာပဲ ဆုံးသွားတယ် “ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။
ကားခေါင်းအတွင်းညပ်ကာ သေဆုံးခဲ့သည့် အမျိုးသားနှစ်ဦးကို လှည်းကူးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆ ဦးက နံနက် ၆ နာရီ ၃၄ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူနှစ်ဦးမှာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူများဖြစ်ကြောင်း၊ ၎င်းတို့ကို ဂရုဏာရှင်လူမှုကူညီရေးအသင်းမှ အသင်းဝင်များက အသင်း မော်တော်ယာဥ်ဖြင့် လှည်ကူးမြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
