၂၀.၃.၂၀၂၆
Written by NYL
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် တိုင်းဒေသကြီးနေ ပြည်သူများ၏ အကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားများကို ဖော်ဆောင်ပေးသည့် ဥပဒေများသာဖြစ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က ယနေ့ (မတ် ၂၀ ရက်)ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး၏ ပထမနေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား နှုတ်ခွန်းဆက်စကားပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ် ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ် သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌအဖြစ် မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်စိုးတို့ကို ရွေးချယ်ခြင်းတို့ကို အဓိကလုပ်ဆောင်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က “ဥပဒေပြုရေး အာဏာကို ကျင့်သုံးပြီး ပြည်သူကို အလုပ်အကျွေးပြုရာမှ ပြည်သူကို အပြည့်အ၀ အကာကွယ်ပေးရမှာဖြစ်သလို ပြည်သူတို့ရဲ့ လူမှုဘ၀မြှင့်တင်နိုင်ပြီး ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်နိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခြင်း၊ ခေတ်နဲ့မလျှော်ညီတော့တဲ့ ဥပဒေများကို ပြင်ဆင်ခြင်း၊ ဥပဒေအသစ်များ တင်သွင်းခြင်း၊ ဆွေးနွေးအတည်ပြုခြင်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြုလုပ်ရမဲ့အပြင် ထုတ်ပြန်ထားပြီးဖြစ်တဲ့ ဥပဒေများဟာလည်း အာဏာသက်ရောက်မှု ရှိမရှိဆိုတဲ့အချက်ကိုလည်းပဲ ပြန်လည်ဆန်းစစ်ဖို့လိုပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေဟာ လွှတ်တော်မှာ အဓိကဆောင်ရွက်ရမဲ့ တာဝန်ပဲဖြစ်ပါတယ်။ လွှတ်တော်အသီးသီးမှာ ဥပဒေပြုရေးမှာ တာဝန်ရှိတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေများဟာလည်း တိုင်းဒေသကြီးနေ ပြည်သူများရဲ့အကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားတွေကို ဖော်ဆောင်ပေးတဲ့ ဥပဒေများသာဖြစ်ရပါမယ် ” ဟု လွှတ်တော်ကိုယ်စားလှယ်များသို့ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထို့ပြင် မိမိကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်သည့်အတွက် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို အထူးကျေးဇူးတင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောကြားခဲ့သည်။
“ဒီနေ့တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က စတင်ပြီး အပိုင်းသုံးပိုင်ဖြင့် ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကနေ သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးမှ ပြည်သူများရဲ့ ဆန္ဒနဲ့အညီ ရွေးကောက်ခံထားရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များပဲဖြစ်ပါတယ်။ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေးကို စုစည်းတက်ရောက်လာကြတဲ့ နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ကျွန်တော့်အား ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်ခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များက ကျွန်တော့်အား ယုံကြည်စွာဖြင့် တာဝန်အပ်နှင်းတဲ့အပေါ် ကျွန်တော့်အနေဖြင့် ယုံကြည်လေးနက်စွာ ခံယူရင်း ဒီတာဝန်ကိုကျေပွန်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများဖြင့် အကောင်းဆုံးကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အနေဖြင့် တိုင်းဒေသကြီးအဆင့် အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် အုပ်ချုပ်သူများ ရွေးချယ်ပေးရမည်ဖြစ်ပြီး တရားစီးရင်ရေးမဏ္ဍိုင်ကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရသည် ဦးဌေးအောင်သည် ယခင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁ အရ ဖွဲ့စည်းထားပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး၊ ရွေးကောက်ခံတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့် အညီ အမည်စာရင်းတင်သွင်းထားသည့် တပ်မတော်လွှတ်တော်ကိုယ်စာလှယ် ၃၁ ဦး စုစုပေါင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးပါဝင်သည့် တိုင်းဒေသကြီးလွှတ်တော်ဖြစ်ကြောင်း သိရသည်။
