သက်တံ့
၂၀. ၃. ၂၀၂၆
အိန္ဒိယ-မြန်မာနယ်စပ်အနီး မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်းခရိုင်အတွင်း ပြုလုပ်ခဲ့တဲ့ အဓိက မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးတစ်ခုမှာ အာသံရိုင်ဖယ်တပ်ဖွဲ့ (Assam Rifles) နဲ့ ချမ်ဖိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကာလတန်ဖိုး ရူပီး ၂၃ ဒသမ ၇၂ ကုဋေ (မြန်မာကျပ်ငွေ ၁၀ ဒသမ ၈ ဘီလျံကျော်) ခန့်တန်ဖိုးရှိတဲ့ မက်သဖက်တမင်း (Methamphetamine) ဆေးပြား ၇ ဒသမ ၉၀၇ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးတွေကို Hmunhmeltha (မွှန်းမဲသာ) လမ်းပေါ်မှာ စွန့်ပစ်ထားတဲ့ မော်တော်ယာဉ်တစ်စီးအတွင်းကနေ ရှာဖွေတွေ့ရှိခဲ့တာပါ။ အဲဒီယာဉ်ကိုပါ သိမ်းဆည်းခဲ့ပြီး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မော်တော်ယာဉ်ကို ဆက်လက်စုံစမ်းစစ်ဆေးနိုင်ဖို့ ယစ်မျိုးနဲ့ မူးယစ်ဆေးဝါးဌာန (Excise and Narcotics Department) ဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ချင်းပြည်နယ်ကို ချင်းလက်နက်ကိုင်တွေ နယ်မြေအများစု လုယက်သိမ်းပိုက်ပြီးနောက်ပိုင်း အိန္ဒိယနယ်စပ်ဟာ မြန်မာဘက်ကနေ မူးယစ်ဆေးနဲ့ လက်နက်တွေ စီးဝင်စီးထွက်ရာ ဗဟိုချက်မ ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း မီဇိုရမ်ပြည်နယ်မှာ မက်သဖက်တမင်း ဆေးပြားတွေကို အကြိမ်ကြိမ် သိမ်းဆည်းရမိခဲ့သလို အခု ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကလည်း ချမ်ဖိုင်းခရိုင်ရဲတပ်ဖွဲ့ဟာ ကာလတန်ဖိုး ရူပီး ၃၁ ဒသမ ၀၆ ကုဋေကျော်တန်ဖိုးရှိ Crystal Meth ၁၀ ဒသမ ၂၅၉ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၄၅ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီမူးယစ်ဆေးတွေနဲ့အတူ နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးမှုနဲ့ မြန်မာနိုင်ငံသားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိကြီးတစ်ဦးက ပြောကြားခဲ့ပါတယ်။
အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းကလည်း မီဇိုရမ်ပြည်နယ်၊ ဆိုင်တူအာလ် (Saitual) မှာ အာသံရိုင်ဖယ်တပ်ဖွဲ့က နိုင်ငံတကာစျေးကွက်မှာ ရူပီး ၃၃ ဒသမ ၁၈၆ ကုဋေခန့် တန်ဖိုးရှိတဲ့ မက်သဖက်တမင်း ဆေးပြား ၁၁ ဒသမ ၀၆၂ ကီလိုဂရမ်ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါသေးတယ်။
Ref : News9
