၂၀.၃.၂၀၂၆
Written by Nay Yaung Lin
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေပြီးဆုံး၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပြန်လည်ထွက်ခွာခဲ့ကြသည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဌတို့ကို ရွေးချယ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် သဘာပတိအဖြစ် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမင်းသိမ်းထွန်းကို တင်မြှောက်ခဲ့ပြီး သဘာပတိမှ ကတိသစ္စာပြုကာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ် သာကေတမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်စိုးတို့ကို ရွေးကောက်တင်မြှောက်ခဲ့ပြီး သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုကာ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က လွှတ်တော်ကိုယ်စားလှယ်များသို့ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့် အစည်းအဝေးတွင် တက်ခွင့်ရောက်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးရှိသည့်အနက် ၁၂၃ ဦးစလုံးတက်ရောက်ခဲ့ပြီး ခွင့်ပန်သူမရှိခဲ့ကြောင်း သိရသည်။









