◾️ ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရသည့် ကာလအတွင်း ဖြောင့်မတ်မှန်ကန်ပြီးသစ္စာရှိစွာ ပြည်သူများလိုလားသည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးကို အလေးထား ကြိုးစားဆောင်ရွက်သွားမည်ဟုပါ ပြောကြား
၂၀. ၃. ၂၀၂၆
Written by Nyein Kyaw
လက်ရှိကာလတွင် ခေတ်စနစ်နှင့် မကိုက်ညီတော့သည့် ဥပဒေများကို လိုအပ်ပါက ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသူ/နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဥပဒေအသစ်များ တင်သွင်းဆွေးနွေးကြရန် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ယနေ့ စတင်ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပြောကြားသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် နှစ်နှစ်ခွဲ (လပေါင်း ၃၀) တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်၏ အဓိကတာဝန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အချုပ်အခြာအာဏာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာသုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကြောင်းခြင်းတို့ပြုရာတွင် ဥပဒေပြုရေးနှင့် ထိန်းကျောင်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေတိုင်းသည် အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွား၊ ပုဂ္ဂလိကအကျိုးစီးပွားထက် နိုင်ငံတော်၏ အကျိုးစီးပွား၊ နိုင်ငံသူ/နိုင်ငံသားများ၏ အကျိုးစီးပွားကို အဓိကဖော်ဆောင်ပေးမည့် ဥပဒေများဖြစ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ပြောကြားသည်။
“လက်ရှိ မျက်မှောက်ကာလမှာ ခေတ်စနစ်နဲ့ မကိုက်ညီတော့တဲ့ ဥပဒေများကို ပြန်လည်လေ့လာဆန်းစစ်ပြီး လိုအပ်သလို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ နိုင်ငံတော်နဲ့ နိုင်ငံသူ/နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေတဲ့ ဥပဒေသစ်များ တင်သွင်းခြင်း၊ ဆွေးနွေးအတည်ပြုခြင်းများအပြင် လက်ရှိ တည်ဆဲဥပဒေများရဲ့ အာဏာသက်ရောက်မှုရှိမရှိ ပြန်လည်ဆန်းစစ်ပြီး လိုအပ်ပါက ပြင်ဆင်ကြရမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ပြောကြားသည်။
ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများတွင် ပါဝင်သည့် ဥပဒေပြုရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ကြေညက်အောင်လေ့လာပြီး တိတိကျကျလိုက်နာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ပြောကြားသည်။
“ကျွန်တော့်အနေနဲ့ ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရတဲ့ ကာလအတွင်း ဖြောင့်မတ်မှန်ကန်ပြီး သစ္စာရှိစွာနဲ့ နိုင်ငံသူ၊ နိုင်ငံသားများလိုလားတဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးကို အလေးထား ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ပြောကြားသည်။
ထို့ကြောင့် ဥပဒေပြုလွှတ်တော်ကြီးအတွင်းသို့ ရောက်ရှိလာသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏အကျိုးကို အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်များ ပူးပေါင်းပြီး လွှတ်တော်အတွင်း၌ ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ပေးရခြင်းဖြစ်၍ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံသည့် ပူးပေါင်းဆွေးနွေးမှုများကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက တိုက်တွန်းပြောကြားသည်။
