



၂၀. ၃. ၂၀၂၆
Written by Nyein Kyaw
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန် အစုအဖွဲ့ အစည်းအဝေးများကို မတ်လ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ကြေညာခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်အရ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့များက ဒုတိယသမ္မတလောင်း (၃) ဦးကို ရွေးချယ်ကာ ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြရမည်ဖြစ်သည်။
ယင်းကဲ့သို့ ရွေးချယ်တင်ပြနိုင်ရန်အတွက် လာမည့် မတ်လ ၃၀ ရက်တွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းတွင် လည်းကောင်း၊ ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတွင်လည်းကောင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားများအစုအဖွဲ့က တပ်မတော်ကာကွယ်ရေးဦးချုပ်က သတ်မှတ်ပေးသည့်နေရာတွင်လည်းကောင်း ကျင်းပပြုလုပ်ကြရမည်ဖြစ်သည်။
သက်ဆိုင်ရာအစုအဖွဲ့လိုက် ဒုတိယသမ္မတတစ်ဦးစီ ရွေးချယ်တင်မြှောက်ပြီးပါက သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်တင်မြှောက်ခံရသည့် ဒုတိယသမ္မတအမည်စာရင်းကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၂၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့တင်ပြရမည်ဖြစ်သည်။
အလားတူ တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့က တာဝန်ပေးအပ်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း ၎င်းတို့အစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားသည့် ဒုတိယသမ္မတအမည်စာရင်းကို နည်းဥပဒေ ၂၉ နှင့်အညီ ပြည်ထောင်စုလွှတ်တော် နယကထံသို့ ပေးပို့တင်ပြရမည်ဖြစ်သည်။
တစ်ဆက်တည်းတွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၃၀ နှင့်အညီ နိုင်ငံတော်သမ္မတ စိစစ်ရေးအဖွဲ့မှ လွှတ်တော်နှစ်ရပ်၏ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့်အတူ ပါဝင်ရန်အတွက် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သားအစုအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ကိုလည်း တစ်ပါတည်းရွေးချယ်ပြီး အမည်စာရင်းပေးကြရမည်ဖြစ်သည်။
အမည်စာရင်းများ ရရှိပြီးနောက် နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည်စုံမှုရှိမရှိကို စိစစ်ခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
