၂၀.၃.၂၀၂၆
Written by Nay Yaung Lin
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး၏ ပထမနေ့အစီအစဥ်တွင် လွှတ်တော်ကိုယ်စားလှယ်များ နေရာယူပြီးနောက် တိုင်းဒေသကြီးလွှတ်တော် သဘာပတိအဖြစ် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမင်းသိမ်းထွန်းကို တင်မြှောက်ခဲ့ပြီး သဘာပတိမှ ကတိသစ္စာပြုကာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက ကတိသစ္စာပြုခဲ့ကြပြီး လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ လွှတ်တော်ကိုယ်စားလှယ်များ၏ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက် ရယူခဲ့သည်။
ယနေ့ကျင်းပသည့် အစည်းအဝေးတွင် တက်ခွင့်ရောက်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးရှိသည့်အနက် ၁၂၃ ဦးစလုံးတက်ရောက်ခဲ့ပြီး ခွင့်ပန်သူမရှိခဲ့ကြောင်း သိရသည်။
ထို့နောက် အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ် သာကေတမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်စိုးတို့ကို ရွေးကောက်တင်မြှောက်ခဲ့သည်။
ထို့နောက် ၎င်းတို့မှ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုကာ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် သဘာပတိက လွှတ်တော်ဥက္ကဋ္ဌထံသို့ တာဝန်လွှဲအပ်မည်ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌမှ ပထမပုံမှန်အစည်းအဝေး အဖွင့်အမှာစကား ပြောကြားပြီးနောက် ပထမနေ့အစည်းအဝေးကို ရပ်နားမည်ဖြစ်သည်။










