၂၀.၃.၂၀၂၆
Written by Nay Yaung Lin
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး၏ ပထမနေ့အစီအစဥ်တွင် လွှတ်တော်ကိုယ်စားလှယ်များ နေရာယူပြီးနောက် တိုင်းဒေသကြီးလွှတ်တော် သဘာပတိကို တင်မြှောက်ခဲ့ပြီး သဘာပတိမှ ကတိသစ္စာပြုကာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက ကတိသစ္စာပြုခဲ့ကြပြီး လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက် ရယူခဲ့သည်။
ထို့နောက် အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်မည်ဖြစ်ပြီး ၎င်းတို့မှ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုကာ လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။
ယင်းနောက် သဘာပတိက လွှတ်တော်ဥက္ကဋ္ဌထံသို့ တာဝန်လွှဲအပ်မည်ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌမှ ပထမပုံမှန်အစည်းအဝေး အဖွင့်အမှာစကား ပြောကြားကာ ပထမနေ့အစည်းအဝေးကို ရပ်နားမည်ဖြစ်သည်။












