သတိုး
၁၃. ၃. ၂၀၂၆
(CNA သတင်းဌာနက ဖော်ပြသည့် ‘I’m scared to go back’: How some Myanmar workers end up exploited in Singapore ဆောင်းပါးကို ဆီလျော်သလို ကောက်နုတ် ပြန်ဆိုထားပါသည်)
စင်ကာပူရှိ အလှပြင်ဆိုင်တစ်ခုတွင် အလုပ်လုပ်ရမည်ဟု ယုံကြည်ကာ မေရီ (အမည်လွှဲ) သည် အလုပ်အကိုင်ရရှိရေးအကျိုးဆောင်ခ စင်ကာပူဒေါ်လာ ၅,၈၀၀ (ကျပ်သိန်း ၂၀၀ ကျော်) ပေးဆောင်ခဲ့ရသည်။
သို့သော်လည်း မြန်မာနိုင်ငံသူ မေရီ စင်ကာပူသို့ ရောက်ရှိလာသည့်အခါ အကျိုးဆောင်က အဆိုပါအလှပြင်ဆိုင်မှာ ယာယီပိတ်ထားသဖြင့် အလုပ်ရှင်၏ အနှိပ်ခန်းတွင် အစားထိုးလုပ်ကိုင်ရမည်ဟု ပြောကြားခဲ့သည်။
ထိုနေရာတွင် သူမအား တရားမဝင် အနှိပ်လုပ်ငန်းများ လုပ်ကိုင်ရန် အတင်းအကျပ် ခိုင်းစေခဲ့ကြောင်း CNA သို့ ပြောပြသည်။ အမျိုးသားဖောက်သည်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးရန် ငြင်းဆင်ခဲ့သည့်အတွက် သူမ အလုပ်ထုတ်ခံခဲ့ရသည်။
မေရီ၏ အကျိုးဆောင်က နောက်ထပ် အလုပ်တစ်ခု ထပ်မံညွှန်ကြားခဲ့ပြီး ထိုနေရာတွင်လည်း လိင်ဖျော်ဖြေရေးလုပ်ရန် ထပ်မံတောင်းဆိုခံရပြန်သည်။ သူမက ထပ်မံငြင်းဆင်သည့်အခါ အလုပ်ရှင်က အလုပ်တာဝန်များကို ပိုမိုဖိအားပေး ခိုင်းစေလာခဲ့သည်။
သူမ၏ လစာမှာ ၆၀ ရာခိုင်နှုန်းကျော် ဖြတ်တောက်ခံခဲ့ရသည်။ နောက်ပိုင်းတွင် သူမ၏ အခြေခံလစာနှင့် အိမ်လစာ ထောက်ပံ့ကြေးများအစား ကော်မရှင်စားစနစ်သို့ ပြောင်းလဲမည်ဟု အပြောခံခဲ့ရသည်။


နောက်ဆုံးတွင် မေရီသည် ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (HOME) ထံ အကူအညီတောင်းခံခဲ့ပြီး မတရားအလုပ်ထုတ်ခံရမှုအတွက် အမှုဖွင့်နိုင်ခဲ့သည်။ ထို့အပြင် အလုပ်သမားဝန်ကြီးဌာန (MOM) ထံသို့လည်း အလုပ်အကိုင်ဆိုင်ရာ စည်းကမ်းဖောက်ဖျက်မှုများအတွက် တိုင်ကြားခဲ့သည်။
မေရီသည် အလုပ်အကိုင်လိမ်လည်မှုများကြောင့် HOME ကဲ့သို့သော NGO များထံ အကူအညီတောင်းခံလာသည့် တိုးပွားလာနေသော မြန်မာနိုင်ငံသားများထဲမှ တစ်ဦးဖြစ်သည်။
ဤဖြစ်ရပ်များသည် ၂၀၂၁ ခုနှစ်မှစတင်ကာ လူပေါင်းတစ်သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး လူအများကို ဘေးဒုက္ခနှင့် မျှော်လင့်ချက်မဲ့စေခဲ့သည့် မြန်မာ့ပြည်တွင်းနေရာအနှံစစ်ပွဲများ၏ နောက်ခံအခြေအနေများနှင့်လည်း ဆက်စပ်နေသည်။
CNA သည် စင်ကာပူရှိ မြန်မာနိုင်ငံသား ဒါဇင်ပေါင်းများစွာနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ (၎င်းတို့၏ လုံခြုံရေးအတွက် အမည်များကို လွှဲပြောင်းဖော်ပြထားပါသည်။) အကူအညီပေးနေသော အဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးခဲ့သည်။
တွေ့ရှိရသော ပုံစံမှာ အလားတူပင်ဖြစ်သည်။ ပျက်စီးနေသော စီးပွားရေးနှင့် စစ်မှုထမ်းရမည့် ဘေးရန်တို့ကြောင့် ထွက်ပြေးလာကြသူများသည် တရားဝင်အလုပ်အကိုင် ကတိပေးမှုများဖြင့် ဆွဲဆောင်ခံရပြီးနောက် စင်ကာပူသို့ ရောက်ရှိလာသည့်အခါတွင် အကာအကွယ်မဲ့စွာ ကျန်ရစ်ခဲ့ကြခြင်းဖြစ်သည်။
”အချို့အမျိုးသမီးတွေက အေဂျင်စီခတွေ အများကြီး ပေးထားရတော့၊ တကယ်လို့ ငြင်းဆန်ရင် အလုပ်ထုတ်ခံရပြီး နေရပ်ပြန်ပို့ခံရမှာကို ကြောက်တာကြောင့် သူတို့ မလုပ်ချင်တဲ့ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို အတင်းအကျပ် လုပ်ကိုင်နေရတာမျိုးတွေ ရှိပါတယ်” ဟု HOME ၏ အမှုဆောင်ဒါရိုက်တာ Stephanie Chok က ပြောသည်။
”အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ အလုပ်ခန့်ပြီး မကြာခင်မှာတင် အလုပ်ထုတ်ပစ်တဲ့ ဖြစ်ရပ်တွေကိုလည်း တွေ့နေရပါတယ်။ ဒါဟာ အေဂျင်စီတွေအနေနဲ့ အလုပ်သမားတစ်ယောက်ဆီက အကျိုးဆောင်ခယူ၊ ပြီးရင် အလုပ်ထုတ်၊ နောက်တစ်ယောက် ထပ်ခေါ်ပြီး အကျိုးဆောင်ခ ထပ်ယူတဲ့ သံသရာလည်နေတာလည်း ဖြစ်နိုင်ပါတယ်” ဟု သူမက ဆက်ပြောသည်။
◾ ကတိကဝတ် နှင့် လက်တွေ့
မြန်မာနိုင်ငံမှ ရောက်ရှိလာသူ လူငယ်အများစုမှာ လက်နက်ကိုင်ပဋိပက္ခများ၊ စီးပွားရေးပြိုလဲမှုများနှင့် ၂၀၂၄ ခုနှစ်မှစတင်ကာ လူငယ်များအကြား ထိတ်လန့်မှုဖြစ်စေသော ပိုမိုတင်းကျပ်လာသည့် စစ်မှုထမ်းဥပဒေတို့ကြောင့် ထွက်ပြေးလာကြသူများဖြစ်သည်။
တရားဝင်ကိန်းဂဏန်းများ မရှိသော်လည်း စင်ကာပူတွင် မြန်မာလုပ်သား ၂၀၀,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရပြီး စင်ကာပူသည် အနီးအနားတွင်ရှိကာ တည်ငြိမ်ပြီး လစာကောင်းသည့်နေရာအဖြစ် ရှုမြင်ခံရလေ့ရှိသည်။
သို့သော် အချို့အတွက်မူ လက်တွေ့ဘဝမှာ လက်ထဲက စာရွက်စာတမ်းများအတိုင်း ဖြစ်မလာခဲ့ပေ။
ဥပမာအားဖြင့် ဒိုင်ယာနာဆိုသူ အမျိုးသမီးတစ်ဦး၏ အမှုတွင် သူမကိုပြသထားသော အလုပ်ခွင့်ပြုမိန့် (Job Approval Letter) တွင် အစားအသောက် ပြုပြင်ထုတ်လုပ်ရေး အလုပ်သမားအဖြစ် ဖော်ပြထားသည်။
သို့သော် အသက် ၂၈ နှစ်အရွယ် သူမသည် အလှပြင်ပညာရှင်အဖြစ် လုပ်ကိုင်ရန် အကျိုးဆောင်ခ စင်ကာပူဒေါ်လာ ၄,၇၀၀ ပေးခဲ့ရသော်လည်း အနှိပ်ခန်းသို့သာ ပို့ဆောင်ခံခဲ့ရသည်။ ဒိုင်ယာနာသည် “လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု” (Sexual Harassment) ခံခဲ့ရသည်ဟု ဆိုထားပြီး နောက်ပိုင်းတွင် NGO တစ်ခုထံ ထွက်ပြေးကာ အကူအညီတောင်းခဲ့သည်။ ထိုအဖွဲ့၏ အကူအညီဖြင့် ရဲတပ်ဖွဲ့ထံတိုင်ချက်ဖွင့်နိုင်ခဲ့သော်လည်း နှစ်ဦးနှစ်ဖက် ကျေအေးကာ အမှုပြီးပြတ်သွားခဲ့သည်။
ထို့အတူ TWC2 (Transient Workers Count Too (TWC2)) အဖွဲ့ထံ အကူအညီတောင်းခဲ့သည့် ဇော် နှင့် ကျော် တို့၏ အမှုတွင်လည်း အကျိုးဆောင်များသည် အလုပ်ပါမစ်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခဲ့ကြပေ။
ထိုလူငယ်နှစ်ဦးမှာ စစ်မှုထမ်းရန် ရှောင်လွှဲရန်အတွက် မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသူများဖြစ်ပြီး၊ မီးဖိုချောင်အကူအဖြစ် ၂ နှစ်စာချုပ်မှာ အတုဖြစ်နေကာ၊ ၎င်းတို့၏ အလုပ်ခွင့်ပြုမိန့်တွင်မူ ၆ လသာ သက်တမ်းရှိသော “ဖျော်ဖြေရေးပညာရှင်” (Performing Artistes) များအဖြစ် ဖော်ပြထားကြောင်း နောက်မှ သိရှိခဲ့ရသည်။
၎င်းတို့နှစ်ဦးစလုံးသည် အကျိုးဆောင်ကို ဒေါ်လာ ၄,၀၀၀ ကျော် ပေးခဲ့ရပြီး စင်ကာပူသို့ ရောက်ရှိရန် ကုန်းလမ်းမှ ရက်ပေါင်းများစွာ ခရီးနှင်ခဲ့ရသူများ ဖြစ်သည်။
”ပိုက်ဆံလည်း မရှိတော့ဘူး၊ ၁၄ ရက်ပဲ သက်တမ်းရှိတဲ့ Special Pass ပဲ ရထားတော့ စိတ်ဖိစီးနေပါတယ်။ အခုက MOM က ဒီကာလအတွင်း အမှုကို ဖြေရှင်းပေးနိုင်မလား ဆိုတာပေါ်မှာပဲ မူတည်နေပါတယ်” ဟု ဇော်က ပြောသည်။
”ပိုက်ဆံကိစ္စတင် မဟုတ်ဘူး၊ အခု မြန်မာပြည်မှာ ဖျားနာနေတဲ့ ကျွန်တော့်အဖေအတွက်လည်း စိတ်ပူနေရတယ်” ဟု ဇော်က ထပ်လောင်းပြောသည်။
ကျော်၏ အခြေအနေမှာ ပို၍ စိတ်မကောင်းစရာ ကောင်းသည်မှာ သူ၏ မိဘများမှာ မြန်မာပြည်တွင် ဖမ်းဆီးခြင်းကို ခံထားရသဖြင့် သူ၏ အခြေအနေကို ကျန်သော မိသားစုဝင်များကို အသိမပေးဘဲ လျှို့ဝှက်ထားရခြင်း ဖြစ်သည်။
TWC2 ၏ အမှုဆောင်ဒါရိုက်တာ Mr. Ethan Guo က မျှော်လင့်ချက်မဲ့ စစ်ဘေးသင့်နိုင်ငံမှ ထွက်ပြေးလိုသည့် ဤအချက်မှာ မြန်မာနိုင်ငံသားအများအပြားကို အခွင့်ကောင်းယူ ခေါင်းပုံဖြတ်ခံရစေရန် လမ်းဖွင့်ပေးသလို ဖြစ်နေသည်ဟု ဆိုသည်။
”မြန်မာလုပ်သားတွေရဲ့ ခြားနားချက်က သူတို့ အိမ်ပြန်ဖို့ မတတ်နိုင်တာပါဘဲ။ အလုပ်လက်မဲ့ဖြစ်ပြီး ပြန်ပို့ခံရမှာကို သူတို့ မခံနိုင်ကြဘူး။ ဒါကြောင့် သူတို့ဟာ အလုပ်မြဲဖို့အတွက် ဘာမဆို လုပ်ကြပါလိမ့်မယ်” ဟု ၎င်းက ထောက်ပြသည်။
◾ စုံစမ်းစစ်ဆေးမှုများမှ ပေါ်ထွက်လာသော ပြဿနာကြီးများ
NGO များဖြစ်သည့် HOME နှင့် TWC2 ထံသို့ တိုင်ကြားစာများ စတင်ရောက်ရှိချိန်တွင် ပုံမှန် အလုပ်အကိုင်ဆိုင်ရာ ပြဿနာများ (လစာမရခြင်း၊ မတရားအလုပ်ထုတ်ခံရခြင်း၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရခြင်း) အဖြစ်သာ မြင်တွေ့ရလေ့ရှိသည်။ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည့်အခါမှသာ လိမ်လည်လှည့်ဖြားသည့် အလုပ်ခေါ်ယူမှု ပုံစံများ ပေါ်ထွက်လာလေ့ ရှိသည်။
TWC2 ၏ မှတ်တမ်းများအရ မြန်မာနိုင်ငံသား အကူအညီတောင်းခံမှုသည် ၂၀၂၂ ခုနှစ်တွင် ၁ မှုသာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁၃၁ မှုအထိ မြင့်တက်လာခဲ့သည်။ HOME ၏ ကိန်းဂဏန်းများတွင်လည်း အိမ်အကူနှင့် အိမ်အကူမဟုတ်သော ကဏ္ဍနှစ်ခုလုံးတွင် မြန်မာလုပ်သား အကူအညီတောင်းခံမှု သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရသည်။
သို့သော် NGO များက ဤကိန်းဂဏန်းများသည် အမှန်တကယ် မြေပြင်တွင် ဖြစ်ပျက်နေသော အတိုင်းအတာထက် နည်းပါးနိုင်ကြောင်း သတိပေးထားသည်။ စင်ကာပူ၏စည်းမျဉ်းအရ အလုပ်ထုတ်ခံရလျှင် သို့မဟုတ် ပါမစ်သက်တမ်းကုန်လျှင် နေရပ်ပြန်ပို့ခြင်းခံရမည် ဖြစ်ရာ၊ စစ်ဘေးသင့်နေသော နေရပ်သို့ မပြန်ချင်ခြင်းက အလုပ်ရှင်နှင့် အကျိုးဆောင်များအတွက် အခွင့်ကောင်းယူစရာ ဖြစ်နေပြီး အလုပ်သမားများကို တိုင်ကြားရန် ဝန်လေးစေခဲ့သည်။
◾ လိမ်လည်ခေါ်ယူသည့် အလုပ်အကိုင်အေဂျင်စီများ
CNA က စွပ်စွဲခံထားရသော အေဂျင်စီအချို့ကို ဆက်သွယ်ခဲ့သော်လည်း အေဂျင်စီတစ်ခုက ပြန်လည်ဖြေကြားခြင်း မရှိသလို၊ အခြားတစ်ခုမှာ ဖုန်းနံပါတ်မှာ အသုံးမပြုတော့ပေ။
နစ်နာသူများနှင့် NGO များ၏ အဆိုအရ အဆိုပါ အေဂျင်စီအများစုမှာ အချို့သော နိုင်ငံခြားသားများက ဦးစီးလုပ်ကိုင်နေခြင်းဖြစ်ပြီး၊ အချို့ရုံးခန်းများတွင် ဆိုင်းဘုတ်အတိအကျ မရှိဘဲ တရားဝင်စာရင်းသွင်းထားသော လိပ်စာများနှင့် မတူညီသည့် ကုန်သွယ်ရေးအဆောက်အအုံများတွင် ဖွင့်လှစ်ထားလေ့ရှိသည်ဟု သိရသည်။
MOM ၏ ပြောရေးဆိုခွင့်ရှိသူက CNA သို့ ပြန်လည်ဖြေကြားရာတွင် လွန်ခဲ့သော ၃ နှစ်အတွင်း မြန်မာလုပ်သားများအပေါ် ပုံမှန်မဟုတ်သော အလွဲသုံးစားလုပ်မှု တိုးပွားလာခြင်းမျိုး မတွေ့ရကြောင်းနှင့် မြန်မာလုပ်သားများ ကြုံတွေ့ရသည့် ပြဿနာများသည် အခြားနိုင်ငံမှ လုပ်သားများ ကြုံတွေ့ရသည်နှင့် ဆင်တူကြောင်း ပြောကြားခဲ့သည်။
◾ ပိုမိုပြင်းထန်သော အရေးယူဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ခြင်း
စင်ကာပူ၏ အလုပ်ပါမစ်စနစ်ကို အလွဲသုံးစားလုပ်ခြင်းမှ ကာကွယ်ရန် MOM အနေဖြင့် ကြိုတင်ကာကွယ်မှုများ ပိုမိုလုပ်ဆောင်ရန်နှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် NGO များက တိုက်တွန်းထားသည်။
အလုပ်သမားအများစုမှာ စင်ကာပူတွင် နောက်တစ်ကြိမ် အလုပ်ပြန်လုပ်ခွင့် ပိတ်ပင်ခံရမည် သို့မဟုတ် Blacklist သွင်းခံရမည်ကို စိုးရိမ်သဖြင့် တိုင်ကြားရန် ကြောက်ရွံ့နေကြခြင်းဖြစ်သည်။
”သူတို့က လစာအပြည့်မရတာ ဒါမှမဟုတ် မတရားဖြတ်တောက်ခံရတာ၊ လုပ်ငန်းခွင် အခြေအနေ ဆိုးရွားတာတွေကိုတောင် အလုပ်မြဲဖို့အတွက် သည်းခံနေကြရရှာပါတယ်” ဟု Mr. Guo က ဆိုသည်။
စင်ကာပူ၏ “Little Burma” ဟု ခေါ်ကြသော Peninsula Plaza သို့ CNA က သွားရောက်ခဲ့ရာတွင် မြန်မာနိုင်ငံသား အများစုမှာ လက်ရှိအစိုးရက ငြိုငြင်မည်စိုး၍ စကားပြောရန် ငြင်းဆန်ခဲ့ကြသည်။ သို့သော် မြန်မာအသိုင်းအဝိုင်းအချင်းချင်း ကူညီစောင့်ရှောက်သည့် ကွန်ရက်များနှင့် သင်တန်းများကိုမူ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။
တနင်္ဂနွေနေ့များတွင် မြန်မာပြည်၌ အင်ဂျင်နီယာ၊ သင်္ချာပညာရှင်နှင့် သူနာပြုအဖြစ် လုပ်ကိုင်ခဲ့ဖူးသော အမျိုးသမီးများ စုဝေးကာ လူနာပြုစုစောင့်ရှောက်ရေး သင်တန်းများတက်ခြင်း၊ အတူတူစားသောက်ခြင်းများ ပြုလုပ်ကာ နေရပ်မှ မိသားစုဝင်များအတွက် စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်ကြသည်။
”ကျွန်မတို့က သူတို့ရင်ထဲမှာ ခံစားနေရတာတွေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ပြောခိုင်းပြီး အတူတူ ဖြေရှင်းဖို့ ကြိုးစားကြပါတယ်” ဟု HEARTS@SG အဖွဲ့မှ သူနာပြုဟောင်း မရည်လဲ့ဝင်းက ပြောသည်။
အိမ်အကူလုပ်သား အဲလိစ်ကလည်း “ကျွန်မတို့ မြန်မာပြည်က မိသားစုတွေအတွက် နေ့တိုင်း စိတ်ပူနေရသလို၊ တစ်ဖက်မှာလည်း သူငယ်ပြန်နေတဲ့ လူနာတွေကို ပြုစုရတာ နေ့တိုင်း စိတ်ဖိစီးရပါတယ်။ ကျွန်မ အဖေ အိမ်မှာ ဆုံးတုန်းက ပြန်ချင်ပေမယ့် ကျွန်မတို့ ရပ်ကွက်က စစ်ပွဲတွေကြောင့် အခြေအနေ ဆိုးနေခဲ့တယ်” ဟု ပြောပြသည်။
မေရီအတွက်မူ လက်ရှိအခြေအနေမှာ နာကျင်စရာကောင်းလောက်အောင် အခြားလုပ်သားများနှင့်ထပ်တူဖြစ်နေပြီး “ကျွန်မမှာ ပိုက်ဆံမရှိဘူး။ ဒါကြောင့် ဆက်ပြီး အလုပ်လုပ်ရမယ်။ မြန်မာပြည်ကို ပြန်ရမှာလည်း ကြောက်တယ်၊ အရမ်း စိတ်ပူမိတယ်” ဟု သူမက ဆိုသည်။
လက်ရှိအချိန်တွင် နေရပ်က စောင့်ကြိုနေသော ဘေးရန်များနှင့် ဤနေရာတွင် ဖြစ်လာနိုင်သော အခြေအနေများအပေါ် ထားရှိသည့် ထို “အကြောက်တရား” သည် သူမကဲ့သို့သော မြန်မာနိုင်ငံမှ လူများစွာ၏ လက်တွေ့ဘဝကို ပုံဖော်နေခြင်းပင် ဖြစ်တော့သည်။
