
သတိုး
၆. ၂. ၂၀၂၆
ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်ရှိ ရှီယာဗလီတစ်ခုတွင် သောကြာနေ့ (ဖေဖော်ဝါရီ ၆ ရက်) က အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၃၀ ကျော်ရှိကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားခဲ့သည်။
အစ္စလာမ္မာဘတ်မြို့စွန် တာလိုင်အရပ်ရှိ Imam Bargah Qasr-e-Khadijatul Kubra ဗလီတွင် ဖြစ်ပွားခဲ့သော အဆိုပါပေါက်ကွဲမှုအတွင်း “လူ ၃၁ ဦး သေဆုံးခဲ့သည်” ဟု မြို့တော်အရာရှိများက အတည်ပြုခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ ဗလီများတွင် ဝတ်ပြုကိုးကွယ်သူများဖြင့် ပြည့်နှက်နေတတ်သည့် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအပြီးတွင် ယခုပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း အဆင့်မြင့်ရဲအရာရှိတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့အတူ သေဆုံးသူအရေအတွက်မှာ “ထပ်မံတိုးလာနိုင်ဖွယ်ရှိသည်” ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
လုံခြုံရေးသတင်းရင်းမြစ်တစ်ခုကလည်း “တိုက်ခိုက်သူကို ဗလီဝင်ပေါက်မှာ တားဆီးခဲ့ပေမဲ့ သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ခဲ့တာပါ” ဟု AFP သို့ ပြောသည်။
ပါကစ္စတန်ဆေးပညာသိပ္ပံ (PIMS) ဆေးရုံတွင် လူကြီးနှင့် ကလေးငယ်အများအပြားကို လူနာထမ်းစင်များ သို့မဟုတ် လက်မောင်းနှင့် ခြေထောက်များမှ မချီကာ ခေါ်ဆောင်လာသည်ကို AFP သတင်းထောက်များက မြင်တွေ့ခဲ့ရသည်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ဘေးမှကူညီသူများသည် သွေးစွန်းနေသော အဝတ်အစားများဖြင့် လူနာများကို လူနာတင်ယာဉ်များနှင့် ကားများပေါ်မှ ဝိုင်းဝန်းချပေးခဲ့ကြသည်။ အနည်းဆုံး လူနာတစ်ဦးကို ကားနောက်ဖုံးထဲတွင် ထည့်၍ သယ်ဆောင်လာသည်ကိုလည်း တွေ့ရသည်။
ဆေးရုံ၏ တင်းကျပ်စွာ စောင့်ကြပ်ထားသော အရေးပေါ်ဌာနသို့ ဒဏ်ရာရရှိသူများ ရောက်ရှိလာချိန်တွင် ၎င်းတို့၏ သူငယ်ချင်းများနှင့် ဆွေမျိုးများက အော်ဟစ်ငိုယိုနေကြသည်။

ဗလီအပြင်ဘက်တွင် လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့များ ချထားပြီး မြေပြင်ပေါ်တွင် သွေးကွက်များကို မြင်တွေ့နေရကြောင်း AFP ၏ အခြားသတင်းထောက်အဖွဲ့တစ်ဖွဲ့က ဆိုသည်။ အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့က အဝါရောင်တိပ်များဖြင့် ဝိုင်းရံပိတ်ဆို့ထားပြီး ဖိနပ်များ၊ အဝတ်အစားများနှင့် ဖန်ကွဲစများမှာ နေရာအနှံ့ ပျံ့ကျဲနေသည်။
ဗလီဝင်ပေါက်အနီးတွင် ရုပ်အလောင်းများစွာ လဲလျောင်းနေပြီး ကော်ဇောနီခင်းထားသော ဝတ်ပြုခန်းမအတွင်းတွင်လည်း အပျက်အစီးများနှင့် လူများ ပြန့်ကျဲနေသည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်များ၌ တွေ့ရသော်လည်း AFP အနေဖြင့် ထိုဗီဒီယိုများကို ချက်ချင်း အတည်မပြုနိုင်သေးပေ။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှာရစ် (Shehbaz Sharif) က ယခုဖောက်ခွဲမှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး တရားခံများကို ရှာဖွေဖော်ထုတ်ကာ တရားစီရင်သွားမည်ဟု ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ် အီရှတ်ဒါ (Ishaq Dar) ကလည်း ယခုတိုက်ခိုက်မှုသည် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ဆိုးရွားသော ရာဇဝတ်မှုဖြစ်ပြီး အစ္စလာမ်ဘာသာ၏ အခြေခံမူများကို ဗြောင်ကျကျ ချိုးဖောက်ခြင်းဖြစ်သည်” ဟု သတ်မှတ်ခဲ့သည်။
“ပါကစ္စတန်ဟာ ပုံစံအမျိုးမျိုးနဲ့ လာတဲ့ အကြမ်းဖက်ဝါဒကို တညီတညွတ်တည်း ဆန့်ကျင်သွားမှာပါ” ဟု ၎င်းက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တောင်ပိုင်းနှင့် မြောက်ပိုင်းပြည်နယ်များတွင် လုံခြုံရေးတပ်ဖွဲ့များက လက်နက်ကိုင်ပုန်ကန်မှုများကို ရင်ဆိုင်နေရချိန်တွင် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယခုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ချက်ချင်းထုတ်ဖော်ခြင်း မရှိသေးပေ။ ပါကစ္စတန်သည် ဆွန်နီမွတ်စလင် အများစုရှိသည့် နိုင်ငံဖြစ်သော်လည်း ရှီယာမွတ်စလင်များသည် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်ရှိပြီး ယခင်ကလည်း ဒေသတွင်း၌ ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို ခံခဲ့ရဖူးသည်။
တောင်ပိုင်း ဘာလိုချီစတန်ရှိ ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့များနှင့် အစ္စလာမ္မာဘတ်အနီးရှိ မြောက်ပိုင်း ခိုင်ဘာပါတွန်ခွာပြည်နယ်ရှိ ပါကစ္စတန်တာလီဘန်နှင့် အခြားအစ္စလာမ္မစ် စစ်သွေးကြွများသည် အာဖဂန်နယ်မြေကို ခိုအောင်းရာနေရာအဖြစ် အသုံးပြုကာ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း အစ္စလာမ္မာဘတ်အစိုးရက ပြောကြားခဲ့သည်။
အာဖဂန်တာလီဘန်အစိုးရကမူ ပါကစ္စတန်၏ စွပ်စွဲချက်များကို အကြိမ်ကြိမ် ငြင်းဆိုထားပြီး နှစ်နိုင်ငံဆက်ဆံရေးမှာလည်း ဆိုးရွားနေသည်။ နယ်စပ်တစ်လျှောက်တွင်လည်း နှစ်ဖက်တပ်ဖွဲ့များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
အစ္စလာမ္မာဘတ်တွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် အဓိကတိုက်ခိုက်မှုမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက တရားရုံးတစ်ခုအပြင်ဘက်၌ ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှုဖြစ်ပြီး လူ ၁၂ ဦး သေဆုံးကာ ဒါဇင်နှင့်ချီသော လူများ ဒဏ်ရာရရှိခဲ့သည်။ ၎င်းမှာ သုံးနှစ်နီးပါးအတွင်း မြို့တော်တွင် ပထမဆုံးဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်သည်။
ပါကစ္စတန်တပ်ဖွဲ့များသည် တောင်ပိုင်း ဘာလိုချီစတန်တွင်လည်း ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့်အပတ်က ခွဲထွက်ရေးပုန်ကန်သူများ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၃၆ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် အာဏာပိုင်များက တန်ပြန်စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ရာ စစ်သွေးကြွ ၂၀၀ နီးပါးကို သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။
Ref: Bangkok Post
