




၆. ၂. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံ၏အနာဂတ် ကောင်းမွန်ရန်အတွက် ပညာရေးကိုအခြေခံမှစ၍ ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုများနှင့် အားပေးမှုများကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများပါမောက္ခများနှင့် ဆရာ၊ ဆရာမများအား ယနေ့တွင် ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
မိမိတို့နိုင်ငံတွင် အစိုးရကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများရှိကြောင်း၊ ပြည်သူအများစုမှာ အစိုးရကျောင်းများတွင် တက်ရောက်ကြခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အစိုးရအခြေခံပညာကျောင်းများတွင် တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘပြည်သူ များအနေဖြင့် ၎င်းတို့၏ သားသမီးများအား ပုဂ္ဂလိကကျောင်းတွင် ထားနိုင်သည့်သူများမဟုတ်ဘဲ နိုင်ငံတော်မှ ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို အဓိကအားကိုးရခြင်းဖြစ်ပြီး အများစုမှာ အစိုးရအခြေခံပညာကျောင်းများတွင် တက်ရောက်ကြခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့ကြောင့် အစိုးရအခြေခံကျောင်းများ၏ ပညာရေးကောင်းမွန်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများ ဥပဓိရုပ်များ ကောင်းမွန်ရေးနှင့် ပညာသင်ကြားမှုများ အဆင်ပြေစေရေးအတွက် မိမိတို့အစိုးရတာဝန်ယူချိန်တွင် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံ၏အနာဂတ် ကောင်းမွန်ရန်အတွက် ပညာရေးကိုအခြေခံမှစ၍ ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုများနှင့် အားပေးမှုများကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ ခန့်ထားမှုနှင့်ပတ်သက်၍ မည်သို့သောခန့်ထားမှုစနစ်မှ လာသည်ဖြစ်စေ အားလုံးတူညီသည့် အရည်အသွေးများရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ပညာရေးဝန်ထမ်းများ၏ ခံစားခွင့်များအား ရာထူးအဆင့်အလိုက် ထောက်ပံ့ပေးအပ်မှုများကို စီမံဖြည့်ဆည်းဆောင်ရွက်ပေးထားကြောင်း၊ ဆရာ၊ ဆရာမများ၏ နေထိုင်စားသောက်မှုများ အဆင်ပြေစေရေးအတွက်လည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများအားလုံးအတွက် ထောက်ပံ့ကြေးများ တိုးမြှင့်ဆောင်ရွက်ပေးထားကြောင်း ယာယီသမ္မတက ပြောကြားသည်။
ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းနှင့်လုပ်ငန်းခွင်တွင် စိတ်ချမ်းသာစွာ နေထိုင်နိုင်မှသာ စာပေသင်ကြားမှုများကို စိတ်ပါဝင်စားပြီး ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကလေးငယ်များ အတတ်ပညာများရရှိစေရေး နိုင်ငံတော်အပိုင်းမှ တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အနာဂတ်အတွက် ပညာရေးသစ်ပင်များကို ပြုစုစိုက်ပျိုးနိုင်ရန်လိုကြောင်း၊ သို့မှသာ ငယ်စဉ်ကတည်းက ပညာရေးအခြေခံကောင်းခဲ့သည့် ကလေးငယ်များသည် မြင့်မားသည့် အတန်းပညာများကို သင်ယူနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
