



၆. ၂. ၂၀၂၅
Written by Thettant
တစ်ချိန်က နာမည်ကျော်၊ လူကြိုက်များခဲ့တဲ့ စိုးလင်းဦးတို့၊ သန့်ဇင်တို့ဟာ အရှုံးတွေနဲ့ လူကြိုက်နည်းလာ၊ စျေးကွက်မဝင်တော့ချိန်မှာ UFC က မြန်မာပြည်ဖွားချန်ပီယံ ဂျော်ရှ်ဝါဗန်လိုမျိုး ပုံရိပ်တစ်ခုနဲ့ မြန်မာပရိသတ်ကို ဆွဲဆောင်ချင်နေတဲ့ One Championship ဟာ မြန်မာသွေးသစ်ဖိုက်တာတွေကို ဆက်တိုက်စင်တင်နေပြီး ဒီည One Friday Fights 141 မှာလည်း မွေထိုင်းကို ကျွမ်းကျင်တဲ့ မြန်မာဖိုက်တာရဲရင့်နောင်၊ လင်းထက်အောင်တို့လို မျက်နှာသစ်တွေအပြင် စိုးနောင်ဦးနဲ့ စောမင်းမင်း တို့ကို တပြိုင်နက် ပွဲထုတ်လာပြန်ပါတယ်။
စိုးနောင်ဦးနဲ့ စောမင်းမင်းဟာ One မှာ ရှုံးလိုက်နိုင်လိုက်ဖြစ်နေပေမဲ့ သတ္တိနဲ့ဇကြောင့် မြန်မာပရိသတ်အင်အားအများအပြားရှိနေဆဲဖြစ်ပြီး လင်းထက်အောင်ကို ပရိသတ်သိသူနည်းပေမဲ့ ရဲရင့်နောင်ကတော့ ထိုင်းနိုင်ငံမှာစနစ်တကျ မွေထိုင်းကို လေ့လာ၊ အပွဲပွဲနွှဲနေသူမို့ အောက်သက်ကြေသူ ဖိုက်တာကောင်းတစ်ယောက်အဖြစ် လူသိများပါတယ်။
ဒီလို လူသိများလို့လည်း သူ့ရဲ့ One အဖွင့်ပွဲဟာ ထင်ထားတာထက် ခက်ခဲခဲ့ပြီး မွေထိုင်းလက်ဝှေ့မှာ တစ်ချိန်လုံးတိုက်စစ်ပဲတိုက်နေတဲ့ နာမည်ကျော်ဖိုက်တာ ဂျိုဟန်ဂါဇာလီနဲ့ ထိပ်တိုက်တိုးခဲ့တာပါ။
မလေးရှား-အမေရိကန်ဖိုက်တာ ဂါဇာလီဟာ တိုက်စစ်အားသန်ဖိုက်တာဖြစ်ပြီး One မှာ ဆယ်ပွဲထိုးရာမှာ ခုနစ်ပွဲအလဲထိုးနဲ့နိုင်ပြီး သုံးပွဲက အမှတ်နဲ့ရှုံးထားသူပါ။ သူနိုင်တာတွေက အလဲထိုးဖြစ်ပြီး သူရှုံးတာတွေကလည်း နိမ့်လို့မဟုတ်ဘဲ ဒိုင်အဆုံးအဖြတ်နဲ့ အငြင်းပွားဖွယ် အရေးနိမ့်တာဖြစ်လို့ ဖိုက်တာကောင်းဖြစ်ပြီး ရဲရင့်နောင် ပွဲကျပ်တယ်ဆိုပေမဲ့ ဒီနေ့ပွဲမှာ ရဲရင့်နောင်ဟာ သက်လုံမပါ၊ ဖိုက်တာဇပျောက်နဲ့ စိတ်ပျက်စရာလက်ရည်ပြပြီး အရေးနိမ့်သွားတာပါ။ ပထမအချီနဲ့ ဒုတိယအချီအစလောက်ပဲ သူတင်ကိုယ်တင် ပြိုင်နိုင်တဲ့ ရဲရင့်နောင်ဟာ ဒုတိယအချီနှောင်းပိုင်းနဲ့ တတိယအချီမှာ စိုးလင်းဦးတို့ သန့်ဇင်တို့လမ်းစဥ်လိုက်ပြီး ခံကြီးမောင်၊ ပတ်ပြေး ဘဝနဲ့ စိတ်ပျက်စရာအဆင့်အတန်းကို ပြသွားခဲ့ပြီး ရှုံးပွဲများနေတဲ့ မြန်မာ့လက်ဝှေ့ကို ထပ်ဆင့်အရှက်ခွဲသွားခဲ့ပါတယ်။
ရဲရင့်နောင်အပြီးမှာ ဂျပန်ဖိုက်တာ တာနစ်ဆုနဲ့ လင်းထက်အောင်တို့ပွဲမှာ ၂၅ နှစ်သားလင်းထက်အောင်ဟာ ၂၃ နှစ်ပေမယ့် သူ့ထက်အရပ်မြင့်ပေမဲ့ ခန္ဓာကိုယ်သေးသွယ်တဲ့ ဂျပန်ဖိုက်တာကို ယှဥ်ထိုးဖို့ကြိုးစားပေမဲ့ နံဝှိုက်လက်သီးနှစ်ချက်နဲ့ ပွဲအစ ၅၃ စက္ကန့်တင် ခွေကျသွားပြီး အမြန်ထဖို့ အသိဉာဏ်ရှိပုံမရတာကြောင့်လည်း ဒိုင်က ပွဲရပ်လိုက်တဲ့အချိန် စိတ်ပျက်စရာအလဲထိုးနဲ့ မြန်မာပရိသတ်ကို အရှက်ခွဲပြန်ပါတယ်။
ရဲရင့်နောင်နဲ့ လင်းထက်အောင်တို့ အရှက်ခွဲအပြီးမှာ ထပ်ဆင့်အရှက်ခွဲတာက စိုးနောင်ဦးပါ။ စိုးနောင်ဦးဟာလည်း ရှေ့ကရိုးရာဖွဲအိတ်တို့ရဲ့ ခံကြီးမောင်လမ်းစဥ်အတိုင်းပဲ အလုံးအထည် အတွေ့အကြုံမကွာတဲ့ ထိုင်းဖိုက်တာ အီရာဝန်ကို ပထမအချီ ၆၈ စက္ကန့်မှာတင် သုံးကြိမ်ကျအောင်အထိုးခံရပြီး အလဲထိုးနဲ့ ရှုံးသွားပြန်ပါတယ်။
စိုးနောင်ဦးနဲ့တင်မရပ်သေးဘဲ ဒုခေါင်ပွဲမှာ စောမင်းမင်းကလည်း သူနဲ့ ဆယ်နှစ်ကွာပြီး ငယ်ရွယ်နုနယ်တဲ့ ၁၈ နှစ်သားပေမဲ့ ဇပြင်းပြီး အရပ်သာတဲ့ ထိုင်းဖိုက်တာဒတ်ချ်ဝါလစ်ရဲ့ နားအုံကန်ချက်နဲ့ ဖြောင့်လက်သီးချက်မိပြီး ပထမအချီ ၂၅ စက္ကန့်တင် အလဲထိုးခံလိုက်ရပြန်ပါတယ်။
One ကိုသွားထိုးတဲ့ မြန်မာဖိုက်တာတွေဟာ သက်လုံကနည်း၊ Fight IQ က မရှိ၊ ပြိုင်ဘက်ကို မလေ့လာ၊ ရိုးရာလက်ဝှေ့နည်းရဲ့ သတ်ကိုးသတ်၊ မောင်းကိုးမောင်း စုံအောင်မတတ်၊ ချုပ်သိုင်းပိုင်ရင် လုပ်တိုင်းနိုင်တယ်ဆိုတဲ့စကားပုံလည်း ကြားဖူးပုံမရဘဲ အချုပ်ခံရတိုင်း အထိနာ ထိုးသတ်ကြေးမဖြစ်စလောက်ငွေရဖို့အတွက် မာဂုဏ်အားကိုးနဲ့ မွေထိုင်းစင်မြင့်ပေါ်တက်ချိန်မှာ စနစ်တကျသင်ကြားလေ့ကျင့်ပြီး ပြိုင်ဘက်ရဲ့ ထိုးသတ်ပုံကို ချဥ်းကပ်ပုံကောင်းကောင်းနဲ့ ကြိုးစားအားထုတ်သူတွေနဲ့တိုးတဲ့အခါ မြန်မာ့ရိုးရာကျားတွေဟာ ခံကြီးမောင်ဘဝနဲ့ မွေထိုင်းရဲ့ အရှက်ခွဲမှုကို နောင်လည်း ထပ်ခံရဦးမှာ အသေအချာပါ။
