



၆. ၂. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူစက္ခုဒါနဆေးရုံသို့ သွားရောက်၍ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရအား မြော်ကြည်ညိုသည်။
ယာယီသမ္မတနှင့် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ကော်မရှင်အတွင်းရေးမှူးတို့သည် သီတဂူစက္ခုဒါနဆေးရုံတွင် လာရောက်ကုသခွဲစိတ်မှုခံယူထားသည့် ပြည်သူများအား မျက်မှန်များ တပ်ဆင်ပေးပြီး ဆေးရုံအတွင်း မျက်စိခွဲစိတ်ကုသမှုခံယူရန် စောင့်ဆိုင်းလျက်ရှိသည့် ပြည်သူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားသည်။
ယင်းနောက် ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရအား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများအား မေးမြန်းလျှောက်ထားပြီး ဆရာတော်ကြီးထံမှ ဩဝါဒကထာများကို နာယူကြသည်။
ထို့နောက် သီတဂူဆရာတော်ကြီးက နိုင်ငံတော်ယာယီသမ္မတအား ဓမ္မလက်ဆောင်များ ပေးအပ်ပြီး ယာယီသမ္မတက သီတဂူဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် မန္တလေးငလျင်ကြီး၏ ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များကိန်းဝပ်ရာ ဘုရား၊ စေတီပုထိုးများ ပြုပြင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ်သိန်း ၃၀၀ ကိုဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၊ သီတဂူစက္ခုဒါနဆေးရုံတွင် ဆေးရုံတက်ရောက်ကုသရန်အတွက် လာရောက်မျက်စိစမ်းသပ်သူ ၁,၆၀၀ ခန့်ရှိသည့်အနက် ၅၀၀ ခန့်သည် မျက်စိခွဲစိတ်ကုသရန် လိုအပ်သူများဖြစ်ပြီး မျက်စိခွဲစိတ်ကုသရန် လိုအပ်သည့် ပြည်သူများအား အခမဲ့ခွဲစိတ်ကုသခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
