◾️ ဒလတံတားကြီးအား ကိုရီးယားချေးငွေနှင့် နိုင်ငံတော်ကထည့်ဝင်ငွေ စုစုပေါင်း ဒေါ်လာ ၁၈၈ သန်းဖြင့် စတင်တည်ဆောက်ခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာငွေ ကျပ် ၂၃ ဘီလျံကျော် ထပ်မံဖြည့်စွက် ပံ့ပိုးပေးခဲ့သဖြင့် တံတားကြီးအား အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်
◾️ တံတားကြီးအား အသုံးပြုရာတွင် သတ်မှတ်ထားသည့် ယာဉ်နှင့်လမ်းစည်းကမ်းများကို လိုက်နာကြရန်နှင့် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ပေးကြရန် ယာယီသမ္မတ မှာကြား




၆. ၂. ၂၀၂၆
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
နိုင်ငံတော်ယာယီသမ္မတက မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတား ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် အမှာစကားပြောကြားရာတွင် တံတားကြီးကို တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး နှစ်ပေါင်းရာချီမြို့သက်တမ်းရှိခဲ့သည့် ရန်ကုန်မြို့၏ မြို့လယ်ဧရိယာကို မြစ်တစ်ဖက်ကမ်း ဒလမြို့နယ်နှင့်ပါ ပေါင်းစပ်ပေးနိုင်ခဲ့ပြီဖြစ်သဖြင့် မှတ်တမ်းတင်ရမည့် နေ့တစ်နေ့ဖြစ်သည်ကို ပဏာမအနေဖြင့် ပြောကြားလိုကြောင်း ပြောကြားသည်။
ယခု တည်ဆောက်ပြီးစီးခဲ့သည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားသည် အရှည် ၆,၁၂၇ ပေရှိပြီး လေးလမ်းသွားတံတားသစ်ကြီးဖြစ်ကြောင်း၊ အခြားတံတား ဒီဇိုင်းများနှင့်မတူဘဲ ရန်ကုန်မြို့၏အထင်ကရ အမှတ်အသား(Landmark)ဖြစ်အောင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးခဲ့သည့် တံတားများထဲတွင် ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကင်းလွတ်အမြင့်ဆုံး သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge) အဖြစ် ခိုင်ခံ့လှပထည်ဝါစွာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သဖြင့် ဒေသခံများနှင့် ထပ်တူထပ်မျှ ဝမ်းသာကြည်နူးရသည်ကိုလည်း ပြောကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယခုတံတားကြီးကို တည်ဆောက်နိုင်ရန်(၂၀၁၂)ခုနှစ်တွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုများ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ (Economic Development Cooperation Fund-EDCF ) ချေးငွေမှ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်းနှင့် နိုင်ငံတော်အစိုးရမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်းဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး တံတားကြီးအပြီးသတ်ဆောင်ရွက်နိုင်ရန် မြန်မာကျပ်ငွေ ၂၃ ဒသမ ၀၆၂ ဘီလျံကိုလည်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ထပ်မံဖြည့်စွက်ပြီး ပံ့ပိုးဆောင်ရွက်ပေးခဲ့သဖြင့် ယခုကဲ့သို့ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။




ယခုကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာတွင် လေလွင့်မှုမရှိစေရေး၊ ရေရှည် တည်တံ့ခိုင်မြဲရန်အတွက် အရည်အသွေးကောင်းမွန်ရေး၊ ဒေသအတွက် အကျိုးဖြစ်ထွန်းမှု ရှိ/မရှိ ထောက်ပြဝေဖန်ပေးနိုင်ကြရန်နှင့် တည့်မတ်ပေးရန် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြုဆောင်ရွက်သည့် စီမံကိန်းများသည် ဒေသအကျိုး
ဖြစ်ထွန်းစေမည့် စီမံကိန်းများဖြစ်ရန်လည်း လိုအပ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားကြီးအား ပြည်သူများအနေဖြင့် အသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်နှင့် တံတားကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ပေးကြရန် မှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယင်းနောက် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားအား ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးနောက် ယာယီသမ္မတက မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့သည်။ ထို့နောက် ယာယီသမ္မတနှင့်အဖွဲ့ဝင်များသည် ဒလမြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြသည်။
အဆိုပါ မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားကို ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ် ကြည်ရေး ခရီးစဉ်သွားရောက်ချိန်အတွင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား စီမံကိန်းတစ်ခုကို ဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးဆွေးနွေးခဲ့ကြကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် နှစ်နိုင်ငံတာဝန်ရှိသူများတွေ့ဆုံပြီး ကိုရီးယားသမ္မတနိုင်ငံ၏ Economic Development Cooperation Fund(EDCF)ချေးငွေဖြင့် ရန်ကုန်မြစ်ပေါ်တွင် မြစ်ကူး တံတားကြီးတစ်စင်း ညှိနှိုင်းဆွေးနွေးအတည်ပြုခဲ့ကြ တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထို့နောက် တံတားစီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို ကိုရီးယားသမ္မတနိုင်ငံ၏ အကူအညီဖြင့် ၂၀၁၃ ခုနှစ် ဧပြီလအတွင်း စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တံတားပုံစံထုတ်လုပ်ရာတွင် အသုံးပြုသည့် စံချိန်စံညွှန်းများသည် မြန်မာနိုင်ငံ၏ လမ်းများနှင့် ယာဉ်သွားလာမှု အခြေအနေများ၊ ဘူမိဗေဒနှင့် မြေခံနိုင်ရည်စွမ်းအား၊ လူမှုရေး၊ စီးပွားရေး၊ စသည်များနှင့် သဟဇာတဖြစ်စေရန် ပေါင်းစပ်ရွေးချယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
ဒလတံတားစီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ပင်မတံတား၏ လျှောစောက်(Gradient) ၅ ဒသမ ၉၅ ရာခိုင်နှုန်းရှိပြီး အရှည်မှာ ၆၁၂၇ ပေ၊ တံတား အကျယ် စုစုပေါင်း ၇၉ ပေရှိပြီး ၁၁ ပေ ၆ လက်မအကျယ်ယာဉ်သွားလမ်း ၄ လမ်းနှင့် ၆ ပေ၊ ၆ လက်မအကျယ် လူသွားလမ်း ၂ ဖက်ပါရှိပြီး တံတားခွင့်ပြုတန်ချိန်မှာ ယာဉ်တစ်စီးချင်းအလိုက် ၇၅ တန်ဖြစ်ကြောင်း၊ တံတားဘေးတစ်ဘက်စီတွင် ရန်ကုန်မြို့မှ ဒလမြို့သို့ သောက်သုံးရေပေးဝေနိုင်ရေး ၁ ပေ၊ ၆ လက်မ အချင်းရှိ ရေပိုက်များကိုလည်း တပ်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။
