
နေမိုး
၆. ၂. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်က ဆိုင်ကယ်နှင့် မော်တော်ယာဉ်တိုက်မိမှုဖြစ်ပွား၍ ဆိုင်ကယ်မောင်းသူ အမျိုးသား နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၂၃ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာလက္ကားဈေးဝင်းနေ ပိုင်စေအောင်(၂၇)နှစ်သည် YGN-9/5H-XXXX LANDCRUISER မော်တော်ယာဉ်အား မန္တလေးမြို့မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ လမ်းဖြတ်ကူးမောင်းနှင်သည့် လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာနေ ဦးသန်းကျော်(၅၁)နှစ် မောင်းနှင်ပြီး မောင်အောင်ထက်ကျော်(၁၅)နှစ် စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်အား ဝင်ရောက် တိုက်မိခဲ့သဖြင့် ဦးသန်းကျော်နှင့် မောင်အောင်ထက်ကျော်တို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်တွင် ဆိုင်ကယ် တက်ရောက်မောင်းနှင်ခွင့်မရှိသော အမြန်လမ်းပေါ် ဆိုင်ကယ်ဖြင့် တက်ရောက်မောင်းနှင်သူ သန်းကျော် အား ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
