သက်တံ့
၆. ၂. ၂၀၂၆
ပြီးခဲ့သည့်ဇန်နဝါရီလကုန်ပိုင်းက ကမ္ဘောဒီးယားရှိ တရုတ်တည်ဆောက်ပေးထားသော ရီယမ်ရေတပ်စခန်းသို့ အမေရိကန် USS Cincinnati စစ်သင်္ဘော လာရောက်ဆိုက်ကပ်ခြင်းသည် ဆယ်စုနှစ်တစ်ခုကြာ အေးစက်ခဲ့သော ဝါရှင်တန်-ဖနွမ်းပင် ဆက်ဆံရေးအတွက် အလှည့်အပြောင်းသစ်တစ်ခု ဖြစ်လာခဲ့သည်။
သို့သော် ဤခြေလှမ်းကြောင့် ပေကျင်း၏ စစ်ရေးနှင့် သံတမန်ရေး တုံ့ပြန်မှုများကို ကမ္ဘောဒီးယား ရင်ဆိုင်ရဖွယ်ရှိကြောင်း လေ့လာသူများက သတိပေးနေကြသည်။
အမေရိကန်၏ USS Cincinnati စစ်သင်္ဘော၏ ခရီးစဉ်သည် ဝါရှင်တန်နှင့် ဆက်ဆံရေးဆိုးရွားခဲ့သည့် ကမ္ဘောဒီးယားအဖို့ ဆယ်စုနှစ်တစ်ခုအကြာတွင် ပြန်လည်နွေးထွေးလာသည့် လက္ခဏာတစ်ခုဖြစ်သည်။ ယခင်က ကမ္ဘောဒီးယားသည် အနောက်အုပ်စုကို ရှောင်ဖယ်ပြီး ပေကျင်း၏ ငွေကြေးနှင့် သြဇာအာဏာကို လက်ခံကာ တရုတ်အလိုကျ လုပ်ဆောင်ပေးခဲ့သူဖြစ်သည်ဟု သတ်မှတ်ခံခဲ့ရသည်။
ဖနွမ်းပင်ရှိ Paragon နိုင်ငံတကာတက္ကသိုလ်မှ ပါမောက္ခ Deth Sok Udom က “တရုတ်ကတော့ ဒီကိစ္စကို တိတ်တဆိတ် မကျေမနပ်ဖြစ်မှာဖြစ်သလို ကမ္ဘောဒီးယားရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကိုလည်း သံသယဝင်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါကို ဗြောင်ကျကျ ထုတ်ပြောဖို့တော့ မရှိနိုင်ပါဘူး” ဟု သုံးသပ်သည်။
၎င်းကပင် ဆက်လက်၍ “ဒီခရီးစဉ်ကို ကမ္ဘောဒီးယားက တရုတ်နဲ့ ဆက်ဆံရေးကို စတေးပြီး အမေရိကန်ဘက်ကို မဟာဗျူဟာမြောက် ပြောင်းလဲလိုက်တာလို့ အဓိပ္ပာယ်ကောက်ရင်တော့ လွဲမှားပါလိမ့်မယ်။ တရုတ်ဟာ ကမ္ဘောဒီးယားအတွက် အရေးပါတဲ့ ကုန်သွယ်ဖက်နဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်ရှိနေဦးမှာပါ” ဟု ဖြည့်စွက်ပြောကြားသည်။

◾️ တရုတ်၏ တုံ့ပြန်မှု ဖြစ်နိုင်ခြေ
ထိုင်းနိုင်ငံရေးဝေဖန်သူ Pravit Rojanaphruk ကမူ ရီယမ်စခန်းတွင် Cincinnati သင်္ဘောကို လက်ခံလိုက်ခြင်းသည် တရုတ်၏ ဒေသတွင်းသြဇာကို စိန်ခေါ်ရာရောက်သဖြင့် စစ်ရေးနှင့် သံတမန်ရေးရာ တုံ့ပြန်မှုများ ရှိလာနိုင်ကြောင်း သုံးသပ်သည်။
“တရုတ်က ကမ္ဘောဒီးယားနဲ့ အရှေ့တောင်အာရှကို သူ့ရဲ့ အိမ်နောက်ဖေးလို သဘောထားတာကြောင့် အမေရိကန်ရဲ့ ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်ပါလိမ့်မယ်။ ရှေ့လာမယ့် လတွေမှာ ကမ္ဘောဒီးယားကို သင်ခန်းစာပေးဖို့ ကြိုးစားလာနိုင်တယ်” ဟု ၎င်းက ဆိုသည်။
◾️ ရီယမ်ရေတပ်စခန်း အကြောင်း
အမေရိကန်က တည်ဆောက်ပေးထားသော ရီယမ်ရေတပ်စခန်းဟောင်းအဆောက်အအုံများကို တရုတ်နိုင်ငံက ဖြိုချကာ ရီယမ်စခန်းသစ်ကို သုံးနှစ်အတွင်း ပြန်လည်တည်ဆောက်ပေးခဲ့သည်။
တရုတ်နိုင်ငံသည် ရီယမ်ရေတပ်စခန်းကို ၎င်း၏ ပထမဆုံးသော ပြည်ပအခြေစိုက်စခန်း (ဂျီဘူတီပြီးလျှင်) အဖြစ် အသုံးပြုရန် ရည်ရွယ်ထားသည်ဟု အမေရိကန်က ကာလရှည်ကြာ စွပ်စွဲလာခဲ့သော်လည်း ကမ္ဘောဒီးယားကမူ ငြင်းဆိုထားဆဲဖြစ်သည်။
၂၀၂၅ ခုနှစ်အစောပိုင်းအခြေအနေများအရ ဤစခန်း၌ မီတာ ၆၅၀ ရှည်သော စစ်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် တံတား၊ တန်ချိန် ၅,၀၀၀ ဆံ့ သင်္ဘောကျင်းနှင့် ထောက်ပံ့ရေး အဆောက်အအုံများ ပါဝင်လာမှုနှင့် ဂြိုဟ်တုဓာတ်ပုံများအရ ဤဆိပ်ကမ်းသည် ဂျီဘူတီ (Djibouti) ရှိ တရုတ်စစ်အခြေစိုက်စခန်းနှင့် ပုံစံတူညီနေပြီး တရုတ်၏ အကြီးဆုံး လေယာဉ်တင်သင်္ဘောများပင် ဆိုက်ကပ်နိုင်ကြောင်း သိရသည်။
◾️ အာဆီယံအတွင်းမှ တရုတ်၏ အမာခံမဟာမိတ်
၂၀၁၂ ခုနှစ်ကတည်းက ကမ္ဘောဒီးယားသည် အာဆီယံဒေသအတွင်း တရုတ်၏ အလိုကျ ဆောင်ရွက်ပေးသူအဖြစ် ရှုမြင်ခံခဲ့ရသည်။ အထူးသဖြင့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုအတွက် ကျင့်ဝတ်စည်းကမ်း (CoC) ပေါ်ပေါက်ရေးကို နှောင့်နှေးအောင် လုပ်ဆောင်ခဲ့သည်။
သို့သော် ၂၀၂၃ ခုနှစ်တွင် အနောက်တိုင်းပညာတတ်ဖြစ်ပြီး အမေရိကန်၏နာမည်ကျော်စစ်တက္ကသိုလ် ဝက်စ်ပွိုင့် (West Point) ကျောင်းဆင်း ဟွန်မာနက် (Hun Manet) အာဏာရလာပြီးနောက် မူဝါဒအပြောင်းအလဲများ စတင်လာခဲ့သည်။

◾️ တရုတ်- ကမ္ဘောဒီးယား- အမေရိကန်တို့ကြားက မျှခြေ
ရီယမ်စခန်းသည် တရုတ်စစ်စခန်းမဟုတ်ကြောင်း သက်သေပြရန် ကမ္ဘောဒီးယားက ကမ္ဘာ့ရေတပ်အားလုံးကို ဖိတ်ခေါ်ခဲ့သည်။ ထိုသို့ ဖိတ်ခေါ်ခဲ့မှုကြောင့် ဂျပန်၊ ဗီယက်နမ်နှင့် ရုရှားသင်္ဘောများ လာရောက်ခဲ့သလို၊ ယခု အမေရိကန်သင်္ဘောပါ ရောက်ရှိလာခြင်းဖြစ်သည်။
ယခုလက်ရှိ အခြေအနေများ၏ အဓိက ထူးခြားချက်မှာ ၂၀၁၇ ခုနှစ်ကတည်းက ရပ်ဆိုင်းထားသည့် အမေရိကန်-ကမ္ဘောဒီးယား (Angkor-Sentinel) စစ်ရေးလေ့ကျင့်မှုများ ပြန်လည်စတင်တော့မည့်အခြေအနေဖြစ်သလို ၂၀၂၁ ခုနှစ်ကတည်းက ကမ္ဘောဒီးယားအပေါ် ချမှတ်ထားသည့် လက်နက်ပိတ်ဆို့မှုကို အမေရိကန်က ရုပ်သိမ်းလိုက်ပြီဖြစ်သည်။
ထို့အတူ ယခုခရီးစဉ်သည် ရီယမ်ရေတပ်စခန်းသည် တရုတ်တစ်ဦးတည်းအတွက် မဟုတ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားသည် တရုတ်အပေါ် မှီခိုနေရဆဲဖြစ်သော်လည်း အမေရိကန်နှင့် ပြန်လည်ထိတွေ့ဆက်ဆံခြင်းဖြင့် မဟာဗျူဟာမြောက် မျှခြေတစ်ခုကို ဖန်တီးရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပညာရှင်များက ကောက်ချက်ချကြသည်။
အခြားတစ်ဖက်တွင်မူ USS Cincinnati ၏ ခရီးစဉ်သည် သင်္ဘောတစ်စင်း လာရောက်လည်ပတ်ရုံသက်သက်မဟုတ်ဘဲ ကမ္ဘောဒီးယား၏ အားကောင်းလှသော တရုတ်အမှီပြု မူဝါဒကို အမေရိကန်နှင့် ဟန်ချက်ပြန်ညှိရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။ သို့သော် ဤ “ကစားပွဲ” တွင် ပေကျင်း(တရုတ်)၏ အကျိုးစီးပွားကို ထိခိုက်လာပါက ဖနွမ်းပင်(ကမ္ဘောဒီးယား)အနေဖြင့် စစ်ရေးနှင့် စီးပွားရေးအရ မည်သို့သော တုံ့ပြန်မှုများကို ရင်ဆိုင်ရမည်နည်းဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရမည့် အချက်ပင် ဖြစ်သည်။
Ref : Defence News
