◾️ ယူကရိန်းစစ်ပွဲတွင် ပါဝင်ပတ်သက်နေသည့် ထိပ်သီးပုဂ္ဂိုလ်များကို လုပ်ကြံရန် ကြိုးပမ်းမှုများအတွင်း နောက်ဆုံးဖြစ်ရပ်မှ လုပ်ကြံခံရသည့်ဗိုလ်ချုပ်ကြီးကို ဆေးရုံသို့ တင်ပို့ထားရပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေ
သတိုး
၆. ၂. ၂၀၂၆
ရုရှားနိုင်ငံ၊ စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးအဖွဲ့၏ အဆင့်မြင့်ခေါင်းဆောင်တစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး မော်စကိုမြို့ရှိ တိုက်ခန်းတစ်ခုအတွင်း ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် အကြိမ်ကြိမ် ပစ်ခတ် လုပ်ကြံခံခဲ့ရသည်။
အမည်မသိ တိုက်ခိုက်သူတစ်ဦးသည် မော်စကိုမြို့၊ ဗိုလိုကိုလမ်းစကီး (Volokolamskoye) အဝေးပြေးလမ်းမပေါ်ရှိ လူနေအဆောက်အအုံတစ်ခုအတွင်း ဒုတိယဗိုလ်ချုပ်ကြီး ဗလာဒီမာ အလက်ဆီယက်ဗ် (Vladimir Alekseyev) ကို သေနတ်ဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ပြီးနောက် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့တွင် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ၎င်းတို့၏ အရာရှိများသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိတစ်ဦးကို သတ်ဖြတ်ရန် ကြိုးပမ်းမှုအဖြစ် ရာဇဝတ်မှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အလက်ဆီယက်ဗ်ကို မြို့တော်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း စုံစမ်းစစ်ဆေးရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရုရှားနိုင်ငံပိုင် မီဒီယာများ၏ အဆိုအရ ၎င်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် စိုးရိမ်ရသည့် အခြေအနေရှိနေပြီး အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
အလက်ဆီယက်ဗ်သည် ရုရှားစစ်ဘက်ထောက်လှမ်းရေးအဖွဲ့ (GRU) ၏ နံပါတ် (၂) ဩဇာအကြီးဆုံး ဒုတိယခေါင်းဆောင်ဖြစ်ကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော် သုတေသနဌာန၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ သိရသလို ရုရှားစစ်ဦးစီးချုပ်ရုံး၏ ဒုတိယအကြီးအကဲဖြစ်ကြောင်း ၎င်း၏ ကိုယ်ရေးရာဇဝင်တွင် ဖော်ပြထားသည်။
၎င်းသည် ယခုအခါ ရာထူးမှ ဖယ်ရှားခံထားရသော ဆီးရီးယားခေါင်းဆောင် ဘာရှာအယ်လ်အာဆတ် (Bashar al-Assad) ကို ကူညီသည့် ရုရှား၏ စစ်ရေးစွက်ဖက်မှုကာလအတွင်း ထောက်လှမ်းရေးဆိုင်ရာ စစ်ဆင်ရေးများကို ဦးဆောင်ခဲ့သူဖြစ်သည်။
ထို့အပြင် ၂၀၂၃ ခုနှစ်တွင် ဗလာဒီမာပူတင်ကို တော်လှန်ရန် ကြိုးပမ်းခဲ့သည့် ဝဂ္ဂနာ (Wagner) အုပ်စုခေါင်းဆောင်ဟောင်း ယက်ဗ်ဂေနီ ပရီဂိုဇင် (Yevgeny Prigozhin) နှင့် သွားရောက်ညှိနှိုင်းရန် စေလွှတ်ခြင်းခံခဲ့ရသူလည်း ဖြစ်သည်။
စုံစမ်းစစ်ဆေးရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ Svetlana Petrenko က “အထက်ပါ ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေနဲ့ ရှာဖွေရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပူတင်က ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း ရုရှားအဆင့်မြင့် စစ်ဘက်အရာရှိအများအပြား သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ယခုလုပ်ကြံရန် ကြိုးပမ်းမှုအတွက်မူ ယူကရိန်းဘက်က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောဆိုခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ၂၀၂၄ ခုနှစ်အတွင်း ရုရှားတပ်မတော်၏ ရေဒီယိုသတ္တိကြွ၊ ဓာတုနှင့် ဇီဝဗေဒဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ အီဂေါ ကီရီလော့ဗ် (Igor Kirillov) ကို သတ်ဖြတ်မှုဖြင့် ဥဇဘက်ကစ္စတန်နိုင်ငံသားတစ်ဦးကို ရုရှားတရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ အဆိုပါ ဗိုလ်ချုပ်ကြီးသည် မော်စကိုရှိ တိုက်ခန်းမှ ထွက်လာစဉ် ထောင်ချောက်ဆင်ထားသော စကူတာတစ်စီး ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။
ယူကရိန်းသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက မော်စကိုမြို့တွင် ကားဗုံးဖြင့် လုပ်ကြံခံခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး ဖာနေးလ် ဆာဗာရော့ဗ် (Fanil Sarvarov) အပါအဝင် ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုများစွာအတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်း ပြောကြားထားဖူးသည်။
Ref : CNN & Telegraph
