နေမိုး
၂၂.၁.၂၀၂၆
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က သေနတ်မှောင်ခို သယ်ယူပို့ဆောင်တဲ့ ကော်ဘရာစစ်ကြောင်းက PDF အဖွဲ့ဝင်ဟောင်းနှစ်ဦးဟာ တားဆီးစစ်ဆေးတဲ့ ထိုင်းရဲတပ်ဖွဲ့ကို ပစ်ခတ်ထွက်ပြေးရာမှာ ထိုင်းရဲတပ်ကြပ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး တစ်ဦးဖမ်းမိပေမဲ့ တစ်ဦးက မြန်မာဘက် ထွက်ပြေးလွတ်မြောက်သွားတဲ့ဖြစ်စဥ်မှာ လွတ်မြောက်နေတဲ့ကျူးလွန်သူကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောကိုယ်တိုင် ဖမ်းဆီးပြီး ဒီမနက်မှာ ထိုင်းရဲကို အပ်နှံလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲ ၅ နာရီခွဲအချိန်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ကု- တော့ဖောင်းစက်ရုံနဲ့ 7/11 စတိုးဆိုင်အနီး ဆိုင်ကယ်စစ်ဆေးစဉ် အစစ်မခံဘဲ ထိုင်းရဲတပ်ကြပ်ကြီးတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးခဲ့တဲ့ အဆိုပါ မြန်မာအမျိုးသားနှစ်ဦးက Cobra စစ်ကြောင်းမှာ PDF လုပ်ခဲ့သူတွေဖြစ်ပြီး ထိုင်းနိုင်ငံဆီ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလကမှ ရွှေ့ပြောင်းနေထိုင်နေကြရင်း အလုပ်ရမယ်ဆိုလို့ ပေးခဲ့တဲ့ ဘတ် ၆၀၀၀၀ အလိမ်ခံရပြီးနောက်မှာ ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရင်း ဘတ် ၅၀၀၀ ရလို့ လက်နက်မှောင်ခို ပို့ခဲ့ကြတာပါ။

လက်နက်မှောင်ခိုပို့ချိန် ထိုင်းရဲကတားစစ်လို့ ဆိုင်ကယ်နောက်က လိုက်ပါလာသူက ပစ်ခတ်ထွက်ပြေးပြီး တစ်ဦးကိုတော့ ဖမ်းမိခဲ့တာပါ။ ဒီဖြစ်စဥ်မှာ ကျူးလွန်သူတွေထဲက ထိုင်းရဲတပ်ကြပ်ကြီးကို သေနတ်နဲ့ပစ်ခတ်ခဲ့သူဟာ PDF နာမည် နဂါးကြီး(ခ) နိုင်လင်းအောင်၊ အသက် ၂၁ နှစ်ဖြစ်ပြီး ဖြစ်စဥ်အတွင်း ဖမ်းမိထားသူက PDF နာမည် စိုးကြီး(ခ) မင်းဇော်စိုး၊ အသက် ၂၃ နှစ် ဖြစ်ပါတယ်။
ထိုင်းရဲတပ်ကြပ်ကြီးကို သေနတ်နဲ့ပစ်ပြေးတဲ့ နဂါးကြီး(ခ) နိုင်လင်းအောင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မတ်ခိုကင်း မဟာဝမ်ကတဆင့် မြန်မာဘက်ခြမ်း မင်းလက်ပံကို ကမ်းကူးထွက်ပြေးပြီး မိခင်တပ်ရင်းဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းကို သွားရောက်ခိုလှုံပေမဲ့ ဆရာရင်းဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောကိုယ်တိုင်က ထိုင်းအစိုးရမျက်နှာညိုမှာစိုးလို့ မစောင့်ရှောက်ထားရဲဘဲ တပည့်ဖြစ်သူနဂါးကြီး (ခ) နိုင်လင်းအောင်ကို ထိုင်းရဲလက် ဒီမနက်အပ်လိုက်တယ်လို့ သိရပါတယ်။
ဗိုလ်ဒါဘောရဲ့ ကော်ဘရာစစ်ကြောင်းက PDF အဖွဲ့ဝင်ဟောင်းနှစ်ဦးဟာ ထိုင်းရဲတပ်ကြပ်ကြီးကို ပစ်ခတ်ပြေးလို့ ထိုင်းရဲတပ်ကြပ်ကြီးဟာ စိုးရိမ်ရဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး သွေးလိုအပ်နေချိန်မှာ ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးက ထိုင်းရဲတပ်ကြပ်ကြီးအတွက် သွေးလှူပေးခဲ့သလို PDF တွေ ကျူးလွန်တဲ့လုပ်ရပ်အတွက် ဝမ်းနည်းစိတ်မကောင်းကြောင်း တောင်းပန်ခဲ့တယ်လို့လည်း သိရပါတယ်။
