၂၂ .၁ .၂၀၂၆
Written by Thiri
ဘုန်းကြီးကျောင်းဆောက်ရာမှာ ယတြာချေဖို့ဟုဆိုကာ မိတ္တူဆိုင်မှာ တစ်သောင်းတန်ငွေစက္ကူအတု ပြုလုပ်ပေးဖို့ လာရောက်စေခိုင်းပြီး ကိုင်ဆောင်သုံးစွဲနေသူ သင်္ကန်းဝတ်တစ်ပါးနဲ့ တုပထုတ်လုပ်ပေးသူ မိတ္တူဆိုင်ပိုင်ရှင်ကို ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ထူးကြီးနယ်မြေရဲစခန်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုရေးဖွင့် တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
အမှုဖြစ်စဥ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့၊ မွန်းလွဲ၁၂ နာရီ၁၆ မိနစ် အချိန်မှာ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အုတ်ရှစ်ကုန်းအုပ်စု၊ မယင်းကုန်းကျေးရွာရှိ သီရိအောင်မြေကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်တဲ့ ဥူးအာစရ(ခ) ဦးအောင်ဇော်မင်း (၄၂)နှစ်၊ ဝါတော်(၂ဝ)နှစ်၊ တိုက်အုပ်မှာ တရားမဝင်ငွေစက္ကူအတုတွေ ကိုင်တွယ်သုံးစွဲနေတဲ့ သတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သက်သေတွေနဲ့အတူ ဥူးအာစရ သီတင်းသုံးနေထိုင်တဲ့ ကျောင်းတိုက်ဆီသွားရောက်စစ်ဆေးခဲ့ကြောင်း၊ ဥူးအာစရကို ကျောင်းတိုက်မှာမတွေ့ရှိရလို့ ဥူးအာစရ သီတင်းသုံးနေထိုင်တဲ့ အခန်းအတွင်းကို သက်သေတွေနဲ့အတူ ရှာဖွေရာ အခန်းထဲရှိ ဗီရိုရဲ့အပေါ်ဆုံးအထပ်ရှိ သင်္ကန်းတွေအောက်မှာ သိမ်းဆည်းထားတဲ့ ငွေစက္ကူအတုလို့ယူဆရသော တစ်သောင်းတန် နံပါတ်တူ နံပါတ် အမှတ် ဘဈ ၂၁၀၇၆၉၄၊ XI 2107694 ပါ ငွေစက္ကူအတု Colourနဲ့ (၂၇) ရွက်အား တွေ့ရှိရပြီး ကျောင်းတိုက်အတွင်း ရှာဖွေမှုပြုလုပ်နေစဉ် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်မှာ ဥူးအာစရမှာ ပြင်ပမှပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ဥူးအာစရရဲ့ ခန္ဓာကိုယ်ကို ဆက်လက်ရှာဖွေရာ ဥူးအာစရ ဝတ်ထားတဲ့ သင်္ကန်းအိတ်ကပ်အတွင်းမှ ငွေစက္ကူအတုလို့ ယူဆရတဲ့ တစ်သောင်းတန် နံပါတ်တူ Colourနဲ့ (၃၀) ရွက်အား ထပ်မံရှာဖွေတွေရှိတာကြောင့် သက်သေတွေရှေ့ ရှာဖွေပုံစံရေးသွင်းသိမ်းဆည်းခဲ့ပြီး ငွေစက္ကူအတုများ လက်ဝယ်ထားရှိမူ နဲ့ပတ်သက်လို့ ဥူးအာစရအားမေးမြန်းခဲ့ရာ ၎င်းက လွန်ခဲ့တဲ့ (၂)ပတ်ခန့်က မဲဇလီကုန်းမြို့၊ အမှတ် (၁)ရပ်ကွက်၊ ဘူတာလမ်းရှိ “ကိုတာ မိတ္တူဆိုင်”မှာ မိတ္တူဆွဲခဲ့တဲ့ ငွေစက္ကူ အတုတွေဖြစ်ကြောင်း စုံစမ်းသိရှိရလို့ မဲဇလီကုန်းရှိ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ရဲ ဆက်သွယ်ပူးပေါင်းကာ ကိုတာ မိတ္တူစက်ပိုင်ရှင် ဇေယျာမင်း(ခ)ကိုတာ၊ ဘူတာလမ်း၊ အမှတ်(၁)ရပ်ကွက်၊ မဲဇလီကုန်းမြို့နေသူထံ သွားရောက်မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ကိုတာ မိတ္တူစက်ပိုင်ရှင် ဇေယျာမင်း(ခ)ကိုတာက ထွက်ဆိုရာမှာ လွန်ခဲ့သော(၂)ပတ်ခန့်က ဥူးအာစရဟာ ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းဆောက်လုပ်ရာမှာ ယတြာချေခြင်းပြုလုပ်ဆောင်ရွက်ဖို့ တစ်သောင်းတန်ငွေစက္ကူတွေမိတ္တူကူးလိုကြောင်းပြောဆိုပြီး ဥူးအာစရမှတစ်သောင်းတန် ငွေစက္ကူ(၁)ရွက်ကို ၎င်းထံထုတ်ပေးကာ မိတ္တူကူးပေးရန် ပြောဆိုလာတဲ့အတွက် Laptop Computer အတွင်း ရှေ့နောက် Scanဖတ်ကာ Colour printer ဖြင့် A4 စာရွက် အသုံးပြုပြီး တစ်သောင်းတန် Colour နဲ့ ရွက်ရေ(၁၀၀)နဲ့ တစ်သောင်းတန် အဖြူအမဲ ရွက်ရေ (၄၀)ရွက်ကို ထုတ်ပေးခဲ့ကြောင်း၊ ဥူးအာစရမှ လက်ခံရယူပြီး နောက်တစ်ရက်မှာ မိတ္တူဆိုင်ကို ထပ်မံရောက်ရှိလာပြီး ယခင်နေ့က ထုတ်ပေးခဲ့တဲ့ A4 စာရွက်ပေါ်ရှိ တစ်သောင်းတန်ငွေစက္ကူ မိတ္တူတွေကို ဖြတ်တောက်ပေးရန် A4 စာရွက်များနဲ့အတူ လာရောက်ပြောဆိုတာကြောင့် ၎င်းမှ ဖြတ်တောက်ပေးခဲ့ကြောင်း၊ မိတ္တူကူးခအဖြစ် စုစုပေါင်း (၂၉၀၀ဝ)ကျပ်အား ရယူခဲ့ကြောင်း ပေါ်ပေါက်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် တရားမဝင်ငွေစက္ကူအတုတွေကို Print ထုတ် အတုပြုလုပ်ခြင်းနဲ့ လက်ဝယ်ထားရှိခြင်းတွေ ပြုလုပ်ဆောင်ရွက်ခဲ့သူ ဥူးအာစရ(ခ)ဦးအောင်ဇော်မင်းနဲ့ ကိုဇေယျာမင်း (ခ) ကိုတာတို့ကို ဥပဒေအရအရေးယူပေးပါရန် တိုင်တန်းချက်အရ ထူးကြီးနယ်မြေရဲစခန်း(ပ)၂/၂၀၂၆ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုရေးဖွင့်ကာ အမှုမှ သိမ်းဆည်းရမိ ငွေစက္ကူအတုများအား မှုခင်းရဲတပ်ဖွဲ့နဲ့ချိတ်ဆက်ပြီး အမှုနဲ့စပ်ဆိုင်တဲ့ သက်သေခံပစ္စည်းတွေကို သိမ်းဆည်းကာ ခိုင်မာစွာအမှုတည်ဆောက်ပြီး ဥပဒေအကြံပြုချက်တောင်းခံခြင်းနဲ့ အမြန်တရားစွဲတင်နိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
