၂၂. ၁. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ဘယ်လာယာရပ်စ် (Belaya Rus) ပါတီတို့အကြား ပါတီချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ Sky Star Hotel ၌ ကျင်းပခဲ့သည်။
အဆိုပါ သဘောတူညီချက်အပေါ် အကောင်အထည်ဖော်မည့် Roadmap ပါ လုပ်ငန်းစဉ်များအား လက်မှတ်ရေးထိုးနိုင်ရန်အတွက် ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီဥက္ကဋ္ဌ REM Olga Chemodanova ဦးဆောင်သော ရွေးကောက်ပွဲ အပိုင်း(၃) လေ့လာရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် တွေ့ဆုံဆွေးနွေး လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါ လမ်းပြမြေပုံ၏ ရည်မှန်းချက်တွင် နိုင်ငံရေးဆွေးနွေးပွဲများ မြှင့်တင်ခြင်း၊ အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် လူမှုရေးဆိုင်ရာ ဆက်သွယ်မှုများ ခိုင်မာစေခြင်းတို့အား နိုင်ငံတည်ဆောက်ရေး အားထုတ်မှုများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထောက်ခံသည့်ပုံစံဖြင့် ဆောင်ရွက်သော သီးခြားလုပ်ငန်းများနှင့် စီမံကိန်းများ စနစ်တစ်ခုမှတစ်ဆင့် သဘောတူညီချက်အား အကောင်အထည်ဖော်ရန် ထိရောက်သော ယန္တရားတစ်ခု ဖန်တီးရန်ဖြစ်ကြောင်း သိရသည်။
ယင်းပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ တည်ဆဲဥပဒေများပေါ်တွင် ကျော်လွန်မှုမရှိဘဲ အလေးထားရမည့်အပြင် သဘောတူညီချက်တွင် အတည်ပြုထားသည့် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှု၊ လက်တွေ့အကျိုးကျေးဇူးနှင့် ပြည်တွင်းရေး ကိစ္စရပ်များတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရ စသည့် အခြေခံမူများအပေါ် အခြေခံထားကြောင်း သိရသည်။











