
သတိုး
၂၂. ၁. ၂၀၂၆
ကာဇက်စတန်နိုင်ငံ၏ အမျိုးသားပညာရေးစနစ်အတွင်း ပညာရေးကဏ္ဍအတွက် အထူးသီးသန့်ပြုစု ထားသည့် ChatGPT Edu အမည်ရှိ ဉာဏ်ရည်တု (AI) နည်းပညာကို စတင်မိတ်ဆက် အသုံးပြုသွားမည်ဖြစ်ကြောင်း ကာဇက်စတန် ဉာဏ်ရည်တုနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
OpenAI အဖွဲ့အစည်း၏ နိုင်ငံတကာပညာရေး အစီအစဉ်တစ်ရပ်ဖြစ်သည့် “Education for Countries” အစပြုမှုတွင် ကာဇက်စတန်နိုင်ငံသည် အလယ်အာရှဒေသ၌ ပထမဆုံး ပါဝင်ခွင့်ရသည့် နိုင်ငံဖြစ်လာကြောင်း အဆိုပါဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဤအစီအစဉ်တွင် ကနဦးပါဝင်ခွင့်ရရှိသည့် နိုင်ငံများနှင့် အဖွဲ့အစည်းများမှာ အက်စတိုးနီးယား၊ ဂရိ၊ အီတလီ တက္ကသိုလ်အဓိပတိများအဖွဲ့၊ ဂျော်ဒန်၊ ကာဇက်စတန်၊ ဆလိုဗက်ကီးယား၊ ထရီနီဒတ်နှင့် တိုဘက်ဂိုနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ ဖြစ်ကြသည်။
ပညာရေးကဏ္ဍအပေါ် AI နည်းပညာ၏ သက်ရောက်မှုများနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ငြင်းခုံဆွေးနွေးမှုများ ရှိနေသော်လည်း “AI နည်းပညာသည် ဆရာ၊ ဆရာမများ၏ နေရာတွင် အစားထိုးရန် မဟုတ်ဘဲ ၎င်းတို့၏ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို ပိုမိုမြှင့်တင်ပေးရန်သာ ဖြစ်သည်” ဟု ကာဇက်စတန်အစိုးရက အလေးပေး ပြောကြားခဲ့သည်။
ChatGPT Edu ကို အသုံးပြုခြင်းအားဖြင့် ဆရာ၊ ဆရာမများ၏ ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ဝန်ထုပ်ဝန်ပိုးများနှင့် သင်ကြားရေးနည်းစနစ်ပိုင်းဆိုင်ရာ အလုပ်ရှုပ်မှုများကို လျှော့ချပေးနိုင်ရန် ရည်ရွယ်ထားကြောင်း၊ ထို့ပြင် ကျောင်းသားများအတွက် ပိုမိုအရည်အသွေးမြင့်မားပြီး တစ်ဦးချင်းအလိုက် လိုအပ်ချက်နှင့်ကိုက်ညီမည့် သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
အဆိုပါ အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တစ်နိုင်ငံလုံးရှိ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများသို့ ChatGPT Edu အသုံးပြုခွင့် (Licenses) ပေါင်း ၁၆၅,၀၀၀ ကို အခမဲ့ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
