◾ ထိုင်းနိုင်ငံမှာ PDF တို့ ရာဇဝတ်မှုကျူးလွန်လို့ တစ်ဦး ဖမ်းဆီးခံထားရပေမဲ့ ဧရာဝတီမအမည်နဲ့ TikTok ဆယ်လီကို သတ်ဖြတ်သူမဟုတ်ဟုပါ ဆို

၂၂.၁.၂၀၂၆
Written by Thiri
ဧရာဝတီမအမည်နဲ့ လူသိများတဲ့ TikTok ဆယ်လီ LGBT(ကို) တင်ဇော်ထွေးကို သတ်တဲ့ တရားခံတွေကို မနေ့က ဇန်နဝါရီ ၂၁ ရက်နေ့အထိ ဖမ်းမိထားခြင်းမရှိသေးကြောင်းနဲ့ ဧရာဝတီမ ရုပ်အလောင်းတွေ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က အဆိုပါနေရာ အနီးအနားမှာပဲ ထိုင်းရဲတပ်ကြပ်တစ်ဦးကို ပစ်ခတ်ထွက်ပြေးလို့ တစ်ဦးဖမ်းခံရတဲ့ဖြစ်စဥ်မှာ ပြစ်မှုကျူးလွန်သူတွေက PDF တွေဖြစ်ပြီး အမှုက တစ်မှုချင်းစီ သီးခြားဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် ပြည်တွင်းသတင်းထောက်တစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲ ၅ နာရီခွဲအချိန်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ကု- တော့ဖောင်းစက်ရုံနဲ့ 7/11 စတိုင်းဆိုင်အနီး ဆိုင်ကယ်စစ်ဆေးစဉ် အစစ်မခံဘဲ ထိုင်းရဲတပ်ကြပ်ကြီး တစ်ဦးကို သေနတ်နဲ့ ပစ်ခတ် ထွက်ပြေးခဲ့တဲ့ အဆိုပါ မြန်မာအမျိုးသားနှစ်ဦးက Cobra စစ်ကြောင်းမှ PDF လုပ်ခဲ့သူတွေဖြစ်ပြီး ထိုင်းနိုင်ငံဆီ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလကမှ ရွှေ့ပြောင်းနေထိုင်နေကြတာ ဖြစ်ကြောင်း ကျူးလွန်သူတွေရဲ့ မိသားစုတွေထံ အဆိုပါ သတင်းထောက်က သွားရောက်တွေ့ဆုံစဉ် သိရှိလာရတယ်လို့ ဆိုပါတယ်။
PDF အဖြစ်ကနေအနားယူပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ပန်းရံအလုပ်လုပ်ကိုင်နေကြသလို တစ်ခါတရံမှာလည်း ဆိုင်ကယ်ကယ်ရီမောင်းနှင်တာကို လုပ်ကိုင်ကြောင်း၊ ထိုင်းကိုရောက်ပြီးကတည်းက ပွဲစားက အလုပ်ရမယ်ဆိုပြီး ဘတ် ၆၀၀၀၀ အလိမ်ခံရကြောင်း၊ စားဝတ်နေရေး အဆင်မပြေဘဲ အကြွေးတွေလည်းရှိနေလို့ အဆင်မပြေဖြစ်နေကြစဉ် DKBA က Nick Name (ကလေးသားလေး) ဆိုသူက လက်နက် ပို့ပေးပါက ဘတ် ၅၀၀၀ ပေးမယ်လို့ ကမ်းလှမ်းချက်အရ ကျူးလွန်သူ အမျိုးသားနှစ်ယောက်က အလုပ်လက်ခံခဲ့ကြောင်း၊ ကျူးလွန်သူ နှစ်ဦးအနက် ထိုင်းရဲစခန်းမှာ အဖမ်းခံထားရသူက ထွက်ဆိုချက် ပေးထားတယ်လို့ ဆိုပါတယ်။


ကျူးလွန်သူတွေထဲက ထိုင်းရဲတပ်ကြပ်ကြီးကို သေနတ်နဲ့ပစ်ခတ်ခဲ့သူဟာ PDF နာမည် နဂါးကြီး(ခ) နိုင်လင်းအောင်၊ အသက် ၂၁ နှစ်ဖြစ်ပြီး လက်ရှိ ဖမ်းမိထားသူက PDF နာမည် စိုးကြီး(ခ) မင်းဇော်စိုး၊ အသက် ၂၃ နှစ်တို့ဖြစ်တယ်လို့လည်း ထိုင်းရောက် မြန်မာသတင်းထောက်က ဖော်ပြထားပါတယ်။
ကျူးလွန်သူ နှစ်ဦးစလုံးမှာ ဇနီးသည်တွေလည်းရှိပြီး မဲဆောက်မြို့မ ရဲစခန်းမှာ အဖမ်းခံထားရသူမှာ အသက် ၁ နှစ် ၂ လအရွယ် သမီးတစ်ယောက်လည်း ရှိတယ်လို့ ဆိုပါတယ်။
အခုလို လက်နက်သယ်ဆောင်တဲ့ အလုပ် လုပ်တာကို မိသားစုက ဖမ်းဆီးခံရမှသာ သိရှိရကြောင်းနဲ့ သူတို့တွေက အခင်းမဖြစ်ပွားခင် မိနစ်ပိုင်းအလိုကမှ နေအိမ်က ထွက်ခွာသွားတာဖြစ်ကြောင်းလည်း ထိုင်းရဲက ကျူးလွန်သူတွေရဲ့ မိသားစုဝင်တွေကို ခေါ်ယူစစ်ဆေးမေးမြန်းစဉ်မှာ ဖြေကြားခဲ့တယ်လို့ လည်း ထိုင်းရောက်သတင်းထောက်ရဲ့ဖော်ပြထားမှုအရ သိရပါတယ်။
သတင်းထောက်က သူကိုယ်တိုင် ထိုင်းရဲဌာန အချုပ်ကို သွားရောက်ကာ မဲဆောက်မြို့မှာ LGBT တစ်ဦးပစ္စည်းလု အသတ်ခံရတဲ့ တရားခံ ရှိ/မရှိကိုလည်း စုံစမ်း မေးမြန်းခဲ့ကြောင်းနဲ့ ကျူးလွန်သူတရားခံများဖမ်းမိပြီဆိုကာ သတင်းထွက်ပေါ်ခဲ့ပေမယ့် ဖမ်းမိခြင်းမရှိသေးဘဲ ထိုင်းရဲများက စုံစမ်းစစ်ဆေးဆဲသာဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်နှစ်ခုက တစ်ချိန်တည်းဖြစ်ပေါ်ခဲ့တာမို့ သေနတ်နဲ့ပစ်ခတ် ထွက်ပြေးသူတွေကို ဖမ်းမိတဲ့ သတင်းနဲ့ LGBT ဖြစ်တဲ့ ဧရာဝတီမ လုယက်သတ်ဖြတ်ခံရမှု ရောထွေးနေတာဖြစ်ကြောင်းလည်း သတင်းထောက်က ဖော်ပြထားပါတယ်။
