




သက်တံ့
၂၀. ၁. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ မစ္စစ္စပီပြည်နယ်၊ ဟောလီစပရင်း-မာရှယ်ခရိုင် လေဆိပ်အနီးတွင် တနင်္ဂနွေနေ့ညနေပိုင်းက လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လူငယ်နှစ်ဦး သေဆုံးသွားခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်အား စုံစမ်းစစ်ဆေးသူများက အသေးစိတ် စစ်ဆေးနေကြောင်း ဒေသခံရဲတပ်ဖွဲ့က ထုတ်ပြန် ပြောကြားသည်။
မာရှယ်ခရိုင် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အင်ဂျင်တစ်လုံးတပ် အမောင်းသင် လေယာဉ်ငယ်သည် ညနေ ၅ နာရီခန့်တွင် လေဆိပ်သို့ ဆင်းသက်ရန် ကြိုးပမ်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်သည် လေယာဉ်ပြေးလမ်း၏ အရှေ့ဘက်ရှိ ထူထပ်သော တောအုပ်အတွင်းသို့ ပျက်ကျကာ မီးလောင်ကျွမ်းခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိချိန်တွင် မီးသတ်တပ်ဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
လေယာဉ်ပေါ်ပါရှိသူ နှစ်ဦးစလုံး အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ၎င်းတို့မှာ ဝက်စလေ ဘိုးလ်ဒန် (Wesley Bolden) နှင့် ဂျော်ဒန် ဟောလ် (Jordan Hall) တို့ ဖြစ်ကြသည်။
ခရိုင်ရဲအရာရှိ ကင်နီ ဒစ်ကာဆန်က “လေယာဉ်ဟာ လေယာဉ်ပြေးလမ်းကို ထိပြီးတာနဲ့ ချက်ချင်းဆိုသလို ထင်းရှူးပင်ကြီးတစ်ပင်ကို တိုက်မိပြီး မြေပြင်ပေါ် ပျက်ကျသွားတာလို့ ယူဆရပါတယ်။ အရှိန်နဲ့ ပျက်ကျမီးလောင်ခဲ့တာကြောင့် လေယာဉ်ပေါ်ပါသူ နှစ်ဦးစလုံး မီးလောင်ကျွမ်းပြီး သေဆုံးခဲ့ရတာပါ” ဟု ပြောကြားခဲ့သည်။
အမေရိကန် ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲမှုဦးစီးဌာန (FAA) မှ စုံစမ်းစစ်ဆေးသူများသည် တနင်္လာနေ့တွင် အခင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး လေယာဉ်ပျက်အကြွင်းအကျန်အစိတ်အပိုင်းများကို စတင်စစ်ဆေးနေပြီ ဖြစ်သည်။ ပျက်ကျရသည့် အကြောင်းရင်းအမှန်ကို သိရှိနိုင်ရန် အချိန်ယူ စစ်ဆေးရဦးမည်ဖြစ်ကြောင်း ဒစ်ကာဆန်က ဆိုသည်။
သေဆုံးသူ ဘိုးလ်ဒန်သည် ပျံသန်းရေးနည်းပြတစ်ဦးဖြစ်ပြီး ဟောလီစပရင်းအခြေစိုက် Firecrest LLC အမည်ရှိ လေကြောင်းသင်တန်းကျောင်းကို တည်ထောင်သူလည်း ဖြစ်သည်။ FAA မှတ်တမ်းများအရ ပျက်ကျသည့်လေယာဉ်မှာ ၎င်း၏ ကုမ္ပဏီအမည်ဖြင့် မှတ်ပုံတင်ထားခြင်း ဖြစ်သည်။
မာရှယ် အကယ်ဒမီ (Marshall Academy) ကျောင်းကလည်း ဘိုးလ်ဒန်သည် ၂၀၁၇ ခုနှစ်က ကျောင်းဆင်းခဲ့သည့် ချစ်ခင်ရသော ကျောင်းသားဟောင်းတစ်ဦးဖြစ်သလို ဘောလုံးအသင်း လက်ထောက်နည်းပြဟောင်းတစ်ဦးလည်း ဖြစ်ကြောင်း၊ ဝါသနာပါသူများကို ပျံသန်းရေးပညာ သင်ကြားပေးသည့် ထူးချွန်သော လေသူရဲတစ်ဦးဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ဂုဏ်ပြုစာ ရေးသားထားသည်။ ဘိုးလ်ဒန်သည် သမီးငယ်လေးတစ်ဦး၏ ဖခင်လည်း ဖြစ်သည်။
အခြားသေဆုံးသူတစ်ဦးဖြစ်သည့် အသက် ၁၇ နှစ်အရွယ် ဂျော်ဒန် ဟောလ်သည် အိုလစ်ဗ်ဘရန့်ချ် (Olive Branch) ဒေသခံတစ်ဦးဖြစ်သည်။ ၎င်းသည် ဘိုးလ်ဒန်၏ လေကြောင်းသင်တန်းသားတစ်ဦး ဖြစ်နိုင်သော်လည်း လက်ရှိတွင် အတည်မပြုနိုင်သေးကြောင်း ရဲအရာရှိက ပြောကြားသည်။
လက်ရှိအချိန်အထိ လေယာဉ်ပျက်ကျရသည့် အသေးစိတ် အကြောင်းရင်းကို ထုတ်ပြန်ခြင်း မရှိသေးဘဲ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။
Ref: Fox 13 & Action News 5
