
၂၀. ၁. ၂၀၂၆
Written by Nyein Kyaw
လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးအတွက် တစ်ဦးလျှင် အများဆုံး ကျပ် ၁၀ သိန်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ယမန်နေ့က ကျင်းပသည့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) တွင် ပြောကြားသည်။
လူကုန်ကူးခံရသူများအတွက် ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများကို မူဆယ်၊ မန္တလေး၊ မြဝတီ၊ ကော့သောင်းနှင့် ရန်ကုန်မြို့တို့၌ ဖွင့်လှစ်ထားရှိပြီး ဂေဟာမရှိသည့်ဒေသများတွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများတွင် ယာယီလက်ခံစောင့်ရှောက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ယာယီလက်ခံစောင့်ရှောက်ထားစဉ် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ လုပ်ငန်းကော်မတီဝင်များနှင့် အဖွဲ့အစည်းများက လူကုန်ကူးခံရသူများကို မိသားစုစုံစမ်းခြင်း၊ မိဘရပ်ထံ ပြန်လည်အပ်နှံခြင်း၊ နောက်ဆက်တွဲစောင့်ရှောက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးအတွက် ၎င်းတို့ဆောင်ရွက်လိုသည့် ဒေသနှင့်ကိုက်ညီသော ဝင်ငွေရလုပ်ငန်းများ ဆောင်ရွက်ရန် အသက်မွေးကျောင်းနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေး ဝမ်းကျောင်းသင်တန်း စသည့်လုပ်ငန်းများအတွက် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းအများဆုံးနှုန်းဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
