


သက်တံ့
၂၀. ၁. ၂၀၂၆
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံနိုင်ငံသားများအတွက် ပြည်ဝင်ဗီဇာ အပြန်အလှန် ကင်းလွတ်ခွင့်ပြုသည့် သဘောတူညီချက်သည် လာမည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ “မြန်မာနိုင်ငံအစိုးရနှင့် ရုရှားဖက်ဒရေးရှင်းအစိုးရတို့အကြား နှစ်နိုင်ငံ နိုင်ငံသားများအား ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပြုခြင်းဆိုင်ရာ သဘောတူညီချက်” ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့ (Minsk) တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက်အရ ရုရှားနိုင်ငံသားများသည် မြန်မာနိုင်ငံသို့ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်မည်ဖြစ်ပြီး တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။ အလားတူ မြန်မာနိုင်ငံသားများသည်လည်း ရုရှားနိုင်ငံသို့ သွားရောက်ရာတွင် အဆိုပါ ခံစားခွင့်များကို တူညီစွာ ရရှိကြမည်ဖြစ်သည်။
သို့သော် အဆိုပါ ဗီဇာကင်းလွတ်ခွင့်သည် အမြဲတမ်းနေထိုင်ရန်၊ ပညာသင်ကြားရန် သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့် (Work Permit) လိုအပ်သည့် ကိစ္စရပ်များအတွက် သွားရောက်ခြင်း မဟုတ်ဘဲ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအတွက်သာဖြစ်ပြီး ရက်ပေါင်း ၃၀ ထက် ကျော်လွန်နေထိုင်မည်ဆိုပါက သက်ဆိုင်ရာဗီဇာကို ကြိုတင်လျှောက်ထားရမည်ဖြစ်သည်။
နေထိုင်ခွင့်ကာလသည်လည်း တစ်နှစ်လျှင် စုစုပေါင်း ရက်ပေါင်း ၉၀ ထက် ကျော်လွန်နေထိုင်ရမည်မဟုတ်ကြောင်းနှင့် ယခုကဲ့သို့ ဗီဇာကင်းလွတ်ခွင့်ပြုခြင်းသည် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း၊ စီးပွားရေးနှင့် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
Ref: Russian Embassy/ MFA Myanmar
