၂၀ ၁ ၂၀၂၆
Written by Thiri
အသက်မပြည့်သေးတဲ့ စေတနာ့ဝန်ထမ်း ပရဟိတအသင်းသူကို အသင်းထောင်ထားပြီး ဥက္ကဋ္ဌရာထူးယူထားသူက အဓမ္မပြုကျင့်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ကာ လက်ရှိမှာ အမှုရင်ဆိုင်နေကြတယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ အသက် ၁၇ နှစ်မပြည့်သေးတဲ့ မနှင်းဆီ (အမည်လွှဲ) စေတနာ့ဝန်ထမ်း ပရဟိတ အမျိုးသမီးငယ်ကို ၎င်းဝင်ရောက် ကူညီလုပ်ကိုင်နေတဲ့ ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင် (ခ) မြတ်စံ (၄၅) နှစ်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ကနေ လှိုင်သာယာကို အလုပ်ကိစ္စရှိလို့ သွားရောက်မယ်ဆိုပြီး လိုက်ခဲ့ဖို့ခေါ်ဆောင်ကာ အဓမ္မမှုကိုကျူးလွန်ခဲ့တာလို့ သိရပါတယ်။





မနှင်းဆီ(အမည်လွှဲ)ရဲ့ ဖြစ်စဉ်ကို အဒေါ်ဖြစ်သူက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှာ တရားလို ပြုလုပ်ကာ တိုင်တန်းရာမှာ- ဇန်နဝါရီလ ၁၆ ရက်နေ့က အဒေါ်ဖြစ်သူနဲ့အတူ၊ တူမဖြစ်တဲ့ မနှင်းဆီ နေအိမ်မှာရှိနေစဉ် မနှင်းဆီမှ သူမရဲ့ ဗိုက်ကြောတွေ တင်းပြီးနာနေ ကြောင်း ပြောပြခဲ့လို့ နာရတဲ့အကြောင်းရင်းကို သေချာမေးမြန်းရာက ပရဟိတအသင်းဥက္ကဋ္ဌ စိုင်းမြအောင်မှ ဇန်နဝါရီ ၁ ရက်နေ့က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ကနေ လှိုင်သာယာကို အလုပ်ကိစ္စရှိနဲ့ သွားရောက်မှာမို့ လိုက်ခဲ့ဖို့ခေါ်တာကြောင့် တူမဖြစ်သူ မနှင်းဆီမှ လိုက်ခဲ့မယ်လို့ ပြောဆိုခဲ့ပြီး နေအိမ်လမ်းထိပ်ကနေ စောင့်ဆိုင်းနေခဲ့ကြောင်း၊ အဲဒီနောက် စိုင်းမြအောင်က အသင်းမှ လူနာတင်ယာဉ်နဲ့ လာရောက်ခေါ်ဆောင်ခဲ့ကာ သူ့ရဲ့နေအိမ်မှာ ပစ္စည်းကျန်ခဲ့လို့ သွားပြန်ယူမယ်ဆိုပြီး နေအိမ်ကို မနှင်းဆီကို ခေါ်ဆာင်သွားခဲ့ကြောင်း၊ နေအိမ်ရောက်ရှိစဉ် အိပ်ခန်းထဲမှ ပစ္စည်းအတူလိုက်ယူပေးဖို့ ခေါ်ဆောင်လို့ လိုက်ပါသွားစဉ် တံခါးပိတ်ကာ အလိုမတူဘဲ အတင်းအဓမ္မ သုံးကြိမ်ပြုကျင့်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်က်ိုလည်း ဘယ်သူ့ကိုမှ ပြန်မပြောဖို့နဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပြတဲ့အတွက် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ရဲစခန်းကို လာရောက်တိုင်တန်းရခြင်းဖြစ်ကြောင်း အမှုတိုင်ကြားစာအရ သိရပါတယ်။
ပြစ်မှုကျူးလွန်သူ ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်ကို ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်းမှ တာဝန်ရှိသူတွေက ၁၇ ရက်နေ့မှာပဲ ညတွင်းချင်း သွားရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး အမှုတည်ဆောက်ကာ တရားစွဲဆိုတင်ပို့နိုင်ရေး လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ခဲ့ရှိတယ်လို့လည်း သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “ကောင်မလေးကိုရော ကျူးလွန်သူကိုရော ဆေးစစ်ရာမှာ ဆေးစစ်ချက်လည်း ထွက်လာပြီး ပြစ်မှုထင်ရှားလို့ ခရိုင်တရားရုံးကို အမှုတွဲတင်လိုက်ပြီ” လို့ MT News က ဆက်သွယ်မေးမြန်းတဲ့ လက်ရှိအမှုသွားအမှုလာ အခြေအနေကိုပြန်လည်ဖြေကြားပါတယ်။


