



၂၀.၁.၂၀၂၆.
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့က ဆိုင်ခန်းပေါင်း ၁၂၀၀ ကျော်ရှိတဲ့ အထပ်များစွာပါ Gul Plaza ဈေးဝယ်စင်တာကုန်တိုက်ကြီးမှာ ဇန်နဝါရီလ ၁၇ ရက်၊ ည ဆယ်နာရီခွဲကျော်ခန့်က ကြီးမားတဲ့ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာမှာ သေဆုံးသူ ၂၆ ဦး အထိရှိလာပြီး ၈၅ ဦးမှာဒဏ်ရာရကာ လူ ၇၆ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက ဇန်နဝါရီလ ၁၉ ရက် ညပိုင်းကပြောခဲ့ကြပါတယ်။
ကရာချီပါဝင်တဲ့ တောင်ပိုင်း ဆင်းဒ် ပြည်နယ်ရဲ့ ဝန်ကြီးချုပ် မူရတ် အဘီ (ရှား Murad Abi Shah) က သေဆုံးသူတွေထဲမှာ မီးသတ်သမားတစ်ဦးပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူက မီးလောင်မှုမှာ ဒဏ်ရာရရှိခဲ့သူတွေအနက် ၂၂ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဘောလုံးကွင်းထက် ပိုကြီးတဲ့ ဧရိယာရှိတဲ့ ဈေးဝယ်စင်တာရဲ့ အထပ်တွေတစ်လျှောက် ဇန်နဝါရီလ ၁၇ ရက် နှောင်းပိုင်းကစတင်ခဲ့တဲ့ မီးက ၂၄ နာရီကျော်ကြာ ပျံ့နှံ့လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုအပြီးမှာ မီးသတ်သမားတွေက ဈေးဝယ်စင်တာရဲ့ မီးခိုးတွေထွက်နေတဲ့ အပျက်အစီးတွေထဲက သေဆုံးသူတွေရဲ့အလောင်းတွေကို ထုတ်ယူခဲ့ကြရပါတယ်။
မီးငြိမ်းသတ်ဖို့ ညလုံးပေါက် ကြိုးစားခဲ့ကြရပြီး ဈေးဝယ်စင်တာရဲ့ အဆောက်အအုံအများစုက ဇန်နဝါရီလ ၁၉ ရက် မွန်းလွဲပိုင်းမှာတစ်စတစ်စ ပြိုလဲသွားခဲ့ကြလို့ကျန် ပြိုလဲနိုင်တဲ့ အဆောက်အအုံတွေကို ဝန်ချီစက်တွေနဲ့ ဝိုင်းရံထားခဲ့ကြတာ တွေ့ရပါတယ်။
မီးလောင်ကျွမ်းမှုရဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။ ဒီမီးလောင်မှုက ၂၀၁၂ ခုနှစ်မှာ လူ ၂၆၀ ကျော် သေဆုံးခဲ့တဲ့ စက်မှုဇုန် မီးလောင်မှုနောက်ပိုင်း ကရာချီမှာ အကြီးမားဆုံး မီးလောင်မှု ဖြစ်တယ်လို့သိရပါတယ်။
Ref- Times of Karachi
