
သက်တံ့
၁၉. ၁. ၂၀၂၆
ဂျပန်နိုင်ငံသား အထက်တန်းကျောင်းသားတစ်ဦး ပြန်ပေးဆွဲခံထားရသည်ကို သိလျက်နှင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ခိုင်းစေခဲ့သည့် အသက် ၂၉ နှစ်အရွယ် ဂျပန်အမျိုးသားတစ်ဦးကို ဂျပန်တရားရုံးက ယနေ့ (ဇန်နဝါရီ ၁၉ ရက်) တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ မြောက်ပိုင်း၊ မိယာဂီစီရင်စု၊ ဆန်ဒိုင်ခရိုင်တရားရုံးက တရားခံ တိုမူ ဖူဂျီနူမား (Tomu Fujinuma) အား ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း ယင်းပြစ်ဒဏ်ကို ၅ နှစ်ကြာ ဆိုင်းငံ့ထောင်ဒဏ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ အစိုးရရှေ့နေများကမူ တရားခံအား ထောင်ဒဏ် ၄ နှစ်နှင့် ၆ လ ချမှတ်ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
တရားရုံး၏ စစ်ဆေးချက်အရ ဖူဂျီနူမားသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းက မိယာဂီစီရင်စုမှ ထိုင်းနိုင်ငံသို့ အမည်မသိသူတစ်ဦး၏ ပြန်ပေးဆွဲခြင်း ခံခဲ့ရသည့် အသက် ၁၇ နှစ်အရွယ် ဂျပန်ကျောင်းသားတစ်ဦးအား မြန်မာနိုင်ငံသို့ ဆက်လက်ပို့ဆောင်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းစခန်းတစ်ခုတွင် အဆိုပါကျောင်းသားအား လိမ်လည်မှုများပြုလုပ်ရန် ခိုင်းစေခဲ့ကြောင်း သိရသည်။
ဆန်ဒိုင်ခရိုင်တရားရုံး တရားသူကြီး ယုအိချိ ဆူဒါ (Yuichi Suda) က “ကျောင်းသားဖြစ်သူကို မိမိဘာသာ ပြန်လာနိုင်ခြင်းမရှိတဲ့ နေရာတစ်ခုဆီ သင်္ဘောနဲ့ပို့ဆောင်ခဲ့တာဟာ ယုတ်ညံ့တဲ့ လုပ်ရပ်ဖြစ်တယ်”ဟု ဖူဂျီနူမား၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ဝေဖန်ပြောကြားခဲ့သည်။
သို့သော်လည်း တရားခံ ဖူဂျီနူမားသည် ၎င်းကျူးလွန်ခဲ့သည့် ပြစ်မှုများကို ဝန်ခံခဲ့ခြင်းနှင့် နစ်နာသူ ကျောင်းသားနှင့် ကျေအေးမှု သဘောတူညီချက် ရရှိထားခြင်းတို့ကြောင့် တရားရုံးက ထောင်ဒဏ်ကို ဆိုင်းငံ့ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Ref, Ji Ji Press Via The Nation Thailand
