သက်တံ့
၂၀. ၁. ၂၀၂၆
လှုပ်ခတ်မှုသိသာပြီး ပြင်းအားတူညီသော ငလျင်နှစ်ခု အချိန် သုံးနာရီကျော်သာခြားပြီး ရန်ကုန်မြို့ဝန်းကျင် တိုက်ကြီးမြို့နှင့် ညောင်တုန်းမြို့အနီး လှုပ်ခတ်သွားမှု ဇန်နဝါရီ ၁၉ ရက် ညသန်းခေါင်မတိုင်မီနှင့် ဇန်နဝါရီ ၂၀ ရက်ကူးစတွင် ဖြစ်ပွားခဲ့သည်။
ပထမအကြိမ် ငလျင်လှုပ်ခတ်မှုသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂) နာရီ၊ (၁၃) မိနစ်၊ (၅၇) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၄) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တိုက်ကြီးမြို့၏ အနောက်တောင်ဘက် (၁၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၁၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၇၅) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

အင်အားအနည်းငယ်သာရှိသော်လည်း ဇောက်တိမ်သဖြင့် ငလျင်၏ ပြင်းထန်မှုဒဏ်ကို ရန်ကုန်ပြည်သူအများစု သိရှိခံစားလိုက်ရသလို မြို့နယ်အချို့တွင် တော်လဲသံပါပြီး သိသိသာသာဆောင့်၍ နှစ်ကြိမ် လှုပ်ခတ်သဖြင့် ရန်ကုန်ပြည်သူအချို့ တိုက်ပေါ်မနေရဲကြဘဲ မြေပြင်သို့ ဆင်းပြေးခဲ့ကြရသည်။
ဒုတိယအကြိမ်လှုပ်ခတ်မှုမှာ ပထမအကြိမ်အပြီး ဇန်နဝါရီ ၂၀ ရက်သို့ကူးပြီးစ ကာလတွင်ဖြစ်ကာ အဆိုပါ လှုပ်ခတ်မှုကိုမူ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁) နာရီ၊ (၂၆) မိနစ်၊ (၃၁) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ညောင်တုန်းမြို့၏ အရှေ့မြောက်ဘက် (၁၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇ ဒသမ ၁၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၇၃) ဒီဂရီ၊ အနက် (၁၀) ကီလို မီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုငလျင်သည်လည်း ဇောက်တိမ်သည့်အပြင် ငါးချက်၊ ခြောက်ချက်ခန့် ဆောင့်၍ လှုပ်ခတ်ခဲ့သဖြင့် အထပ်မြင့်တိုက်နေသူများ ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ရသည်ဟုလည်း သိရပြီး အဆိုပါ ပြင်းအားသိသာသော ငလျင်နှစ်ခုကြောင့် ထိခိုက်မှုရှိမရှိကိုမူ MT News က ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။
