◾️ နိုင်ငံတော်ကာကွယ်ရေးအခန်းကဏ္ဍသည် အလွန်ကျယ်ပြန့်သည်ဖြစ်၍ လေ့ကျင့်ရေးတာဝန်များကို အလေးအနက်ထား ဆောင်ရွက်သွားကြရမည်






၁၉. ၁. ၂၀၂၆
Written by Nyein Kyaw
တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် လက်တွေ့စစ်မြေပြင်သဖွယ်ဖန်တီး၍ လေ့ကျင့်ပေးသွားရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ကျိုင်းတုံတပ်နယ်ရှိ နယ်မြေခံတပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားသည်။
တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းများ၏ တာဝန်မှာ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်သည်တစ်ဦးချင်းစီ၏ အရည်အသွေးများ တိုးတက်လာအောင် လေ့ကျင့်ပေးခြင်းပင်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ လုံးဝလျှော့ပေါ့၍ ရမည်မဟုတ်ဘဲ စနစ်တကျဖြင့် ကြပ်မတ် လေ့ကျင့်ပေးသွားရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။
လေ့ကျင့်သားပြည့်ဝမှသာလျင် တိုက်ရည်ခိုက်ရည်နှင့် ရဲစွမ်းသတ္တိများ ကောင်းမွန်လာမည်ဖြစ်ပြီး လက်တွေ့စစ်မြေပြင်တွင် ကောင်းမွန်သည့်ရလဒ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် လက်တွေ့ စစ်မြေပြင်သဖွယ်ဖန်တီး၍ လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ “အစကောင်းမှ အနှောင်း သေချာမည်” ဟူသည့်အတိုင်း သင်တန်းကျောင်းများမှ စနစ်တကျလေ့ကျင့်မွေးထုတ် ပေးလိုက်နိုင်မှသာလျင် စစ်သည်တော်ကောင်းများရရှိလာမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။
မိမိတို့ လေ့ကျင့်မွေးထုတ်ပေးလိုက်သည့် စစ်သည်တော်များသည် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်သန်စွမ်းသူများ ဖြစ်ရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထား ပြုနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအခန်းကဏ္ဍသည် အလွန်ကျယ်ပြန့်သည်ဖြစ်၍ လေ့ကျင့်ရေးတာဝန်များကို အလေးအနက်ထားဆောင်ရွက်သွားကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။
ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သဖြင့် နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်လာနေသည့် စစ်ဘက်အသုံးအဆောင်ပစ္စည်းများအပေါ်မူတည်၍ စစ်နည်းဗျူဟာများကိုလည်း ပြောင်းလဲကျင့်သုံးနိုင်ရေး သုတေသနပြုဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ သမားရိုးကျစစ်နည်းဗျူဟာများကို ခေတ်နှင့်အညီ မွမ်းမံနိုင်ရေးနှင့် အထူးစစ်နည်းဗျူ ဟာများကို ခေတ်နှင့်အညီ ကျင့်သုံးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။
