◾️ ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ ယခုကဲ့သို့ သက်တော်ရှည်ဆရာတော်ကြီးတစ်ပါးကို နိုင်ငံတော်အစိုးရမှ နိုင်ငံတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည်ကို မတွေ့ဖူး၊ မကြားဖူးသဖြင့် မိမိကိုယ်တိုင်နှင့် တိုင်းပြည်အုပ်ချုပ်သည့် အစိုးရအဖွဲ့တို့အတွက် ထူးခြားမှုတစ်ခုဟု မှတ်တမ်းတင်ရမည်ဖြစ်ကြောင်း ဆရာတော်ဘုရားကြီးက မိန့်ကြားတော်မူ





၁၉. ၁. ၂၀၂၆
Written by Nyein Kyaw
“စည်သူဘွဲ့”တံဆိပ်တော်ရ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည် မဟာထေရ်မြတ်ကြီးအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့တွင် ကျိုင်းယင်းကျောင်းတိုက်၊ ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ လက်ရောက်ဆက်ကပ်လှူဒါန်းသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အတွက် ထူးကဲစွာအမှုထမ်းသူ၊ အကျိုး ဆောင်သူများနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ဆက်ကပ် ချီးမြှင့်အပ်နှင်းခဲ့သည်။
ထိုသို့ ဆက်ကပ်ချီးမြှင့်အပ်နှင်းရာတွင် ပါဝင်ခဲ့သည့် “စည်သူဘွဲ့”တံဆိပ်တော်ရ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည် မဟာထေရ်မြတ်ကြီးအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များအား ယာယီသမ္မတက ကိုယ်တိုင်လက်ရောက် ဆက်ကပ်လှူဒါန်းသည်။
ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည်မဟာထေရ်မြတ်ကြီးထံ “စည်သူဘွဲ့” တံဆိပ်တော်နှင့် အဆောင်အယောင်များ၊ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူတော်ငွေများကို ယာယီသမ္မတက ဆက်ကပ်လှူဒါန်းပြီးနောက် ဆရာတော်ကြီးက ယာယီသမ္မတထံ ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်သည်။






ထို့နောက် “စည်သူဘွဲ့” တံဆိပ်တော်ရ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည် မဟာထေရ်မြတ်ကြီးက ဝမ်းမြောက်ကြောင်းနှင့် ဆုတောင်းမေတ္တာပို့သလွှာ ဩဝါဒကထာ မိန့်ကြားတော်မူရာတွင် ပုဂံခေတ်မှစ၍ ကုန်းဘောင်ခေတ်အထိ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ယခုကဲ့သို့ သက်တော်ရှည်ဆရာတော်ကြီးတစ်ပါးကို နိုင်ငံတော်အစိုးရမှ နိုင်ငံတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည်ကို မတွေ့ဖူး၊ မကြားဖူးသဖြင့် မိမိကိုယ်တိုင်နှင့် တိုင်းပြည်အုပ်ချုပ်သည့် အစိုးရအဖွဲ့တို့အတွက် ထူးခြားမှုတစ်ခုဟု မှတ်တမ်းတင်ရမည်ဖြစ်ကြောင်း ဆရာတော်ဘုရားကြီးက မိန့်ကြားတော်မူသည်။
မိမိအနေဖြင့် လက်ရှိအချိန်တွင် သက်တော်တစ်ရာ့တစ်နှစ်အတွင်းသို့ ရောက်ရှိပြီဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ “စည်သူဘွဲ့”တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်လှူဒါန်းသည့် အတွက်လည်း အလွန်ဝမ်းသာဂုဏ်ယူကြောင်း ဆရာတော်ဘုရားကြီးက မိန့်ကြားတော်မူသည်။
နိုင်ငံတော်ယာယီသမ္မတကြီးနှင့်တကွ တိုင်းသူပြည်သားများအားလုံး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် လုပ်ငန်းဆောင်တာများကို အောင်မြင်စွာဆောင်ရွက်နိုင်ပြီး လိုအင်ဆန္ဒများ ပြည့်ဝပြည့်စုံကြပါစေရန် ဆုတောင်းမေတ္တာပို့သပါကြောင်းဖြင့် ဆရာတော်ဘုရားကြီးက မိန့်ကြားတော်မူသည်။
ယင်းနောက် ယာယီသမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကျိုင်းတုံမြို့၊ သာသနဝေပုလ္လပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိဇယထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။
အဆိုပါ “စည်သူဘွဲ့”တံဆိပ်တော်ရ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည်မဟာ ထေရ်မြတ်ကြီးသည် မိုင်းပျဉ်းမြို့၊ ပိန်းဆန်းကျောင်းစာသင်တိုက်၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ယန်းလောစာသင်တိုက်၊ ပါလျှံလုံကျောင်းစာသင်တိုက်များ တည်ထောင်ဖွင့်လှစ်၍ ပြည်နယ်အတွင်းပရိယတ္တိသာသနာတည်တံ့အောင် စွမ်းဆောင်လျက်ရှိသည်။
ထို့ပြင် ဆရာတော်ကြီးသည် ဂုံရှမ်းသံဃာတော်များ၏ အဓိပတိဖြစ်ပြီး ဂုံရှမ်းဘာသာဖြင့် နှစ်စဉ်သံဒိဋ္ဌပြက္ခဒိန် တွက်ချက်ရေးဆွဲခြင်းနှင့် မိုင်းခတ်မြို့၊ နှီးဘုရားကြီးပြုပြင်ခြင်းအား ဦးဆောင်ပြုပြင်ခြင်းဖြင့် ဘာသာသာသနာအကျိုးတို့ကို ထမ်းဆောင်တော်မူခြင်း၊ ဒေသအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်တော်မူခြင်းတို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတက ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များမှ “စည်သူဘွဲ့”တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခြင်းဖြစ်သည်။
