


သက်တံ့
၁၉. ၁. ၂၀၂၆
ရန်ကုန်မြို့တွင် ယနေ့ည ၁၀ နာရီ ၁၄ မိနစ်ခန့်အချိန်က သိသိသာသာအင်အားပြင်းသော ငလျင်လှုပ်ခတ်သဖြင့် ပြည်သူများထိတ်လန့်ပြီး လမ်းမများပေါ်ထွက်နေကြရသည်။
မန္တလေးငလျင်ကြီး၏ အဟုန်ပြင်းသော လှုပ်ခတ်မှုကို ထိတ်လန့်နေဆဲဖြစ်သော ပြည်သူများအနေဖြင့် ရုတ်ချည်းတစ်ချက်တည်း အင်အားသိသာစွာ ဆောင့်၍ လှုပ်ခတ်လိုက်သော ငလျင်ကြောင့် အိပ်စက်ရန် ပြင်ဆင်ဆဲအချိန်တွင် လမ်းများပေါ်သို့ ဆင်းကာ ငလျင်ဘေးမှ ကြိုတင်တိမ်းရှောင်မှုများ ပြုခဲ့ကြရသည်။
အဆိုပါငလျင်ကို ဒေါပုံ၊ တာမွေ၊ ရန်ကင်း၊ သာကေတ၊စမ်းချောင်း၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ တောင်ဥက္ကလာပ၊ မြောက်ဒဂုံ၊ တိုက်ကြီး၊ ထန်းတပင် စသည့် ရန်ကုန်မြို့နယ်အများစုအပြင် ညောင်တုန်းကဲ့သို့သော ဧရာဝတီမြို့နယ်အချို့ပါ ခံစားလိုက်ရသည်ဟု လူမှုကွန်ရက်သတင်းများအရ သိရသည်။
“ငလျင်ကနှစ်ချက် ဆောင့်လှုပ်သွားတာ။ နှစ်ချက်စလုံး သိသိသာသာ ရှေ့နောက်ဆောင့်လှုပ်သွားတာ။ လန့်သွားတာနဲ့ လမ်းပေါ်ဆင်းပြေးတော့ တခြားတိုက်တွေလည်း ဆင်းလာကြတယ်”ဟု ငလျင်လှုပ်မှုကို သိရှိလိုက်သည့် တာမွေဒေသခံတစ်ဦးက ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမူ အဆိုပါငလျင်လှုပ်မှုကို ည ၁၀ နာရီ ၄၄ မိနစ်အထိ ထုတ်ပြန်မှုမရှိသေးဘဲ Earthquake App ကမူ ငလျင်မှာ ည ၁၀ နာရီ ၁၄ မိနစ် ၁၁ စက္ကန့်တွင် မိုးညိုမြို့အနီး မြေအောက် ၆၈ မိုင်ကျော်မှ ပြင်းအား ၄ ဒသမ ၅ အဆင့်ဖြင့် လှုပ်ခတ်သွားသည်ဟု ဖော်ပြခဲ့သည်။
ပုံစာ။ ငလျင်ကြောင့် လမ်းများပေါ်ထွက်လာသော ပြည်သူအချို့ မြင်ကွင်း။
