






သက်တံ့
၁၉. ၁. ၂၀၂၆
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူး (Tamil Nadu) ပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် သက်စွန့်ဆံဖျား ရိုးရာနွားရိုင်းဖမ်းပွဲ (Jallikattu) များအတွင်း နွားသိုးရိုင်းများ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းဌာနများက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများသည် ပြီးခဲ့သည့် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် ပြည်နယ်အနှံ့အပြား၌ ကျင်းပခဲ့သော ပွဲတော်ရက်များအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူအများစုမှာ ပွဲကြည့်ပရိသတ်များ ဖြစ်ကြကြောင်း သိရသည်။
တမီးလ်နာဒူးပြည်နယ်၏ ရိုးရာကောက်သစ်စားပွဲ (Pongal) အထိမ်းအမှတ်အဖြစ် ကျင်းပလေ့ရှိသည့် ဤအားကစားနည်းသည် စပိန်၊ မက္ကဆီကိုကဲ့သို့နိုင်ငံများသို့ နွားရိုင်းများကို သတ်ဖြတ်ခြင်းမပြုဘဲ နွားရိုင်းများ၏ ကျောကုန်းကို လိုက်လံဖမ်းဆွဲခြင်း၊ အချိန်အတော်ကြာအောင် စီးနင်းခြင်း သို့မဟုတ် နွားချိုတွင် ချည်နှောင်ထားသည့် အဝတ်စကို ဖြုတ်ယူခြင်း စသည့် ပုံစံများဖြင့် ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ အနိုင်ရရှိသူများအတွက် ဆုကြေးအဖြစ် မော်တော်ကား၊ ဆိုင်ကယ်နှင့် ရွှေဒင်္ဂါးပြားများကို ချီးမြှင့်လေ့ရှိသည်။
ထိုပွဲတော်ကို တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု ဖြစ်စေသည်ဟုဆိုကာ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများက တိုင်ကြားခဲ့သဖြင့် ၂၀၁၄ ခုနှစ်တွင် အိန္ဒိယတရားရုံးချုပ်က ဤပွဲတော်ကို ပိတ်ပင်ခဲ့ဖူးသည်။ သို့သော်လည်း ပြည်နယ်အတွင်း အပြင်းအထန် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်တွင် တမီးလ်နာဒူးအစိုးရက ဥပဒေအသစ်တစ်ရပ်ကို ပြဋ္ဌာန်းကာ ယင်းပွဲတော်ကို ပြန်လည်ကျင်းပခွင့် ပြုခဲ့သည်။
၂၀၂၃ ခုနှစ်တွင် အိန္ဒိယတရားရုံးချုပ်က ဤပွဲတော်သည် ပြည်နယ်၏ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားခြင်းကြောင့် ကျင်းပခွင့်ရှိကြောင်း အတည်ပြု ဆုံးဖြတ်ပေးခဲ့သည်။
မှတ်တမ်းများအရ ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဤနွားရိုင်းဖမ်းများပွဲကြောင့် လူပေါင်း ၁၀၂ ဦးအထိ သေဆုံးခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင်လည်း ပွဲတော်ရက် ၃ ရက်အတွင်းမှာပင် လူသေဆုံးမှုများ ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် ပွဲတော်အတွင်း ထူးခြားချက်မှာ ယခင်နှစ်များထက် ပိုမိုတင်းကျပ်သည့် ဘေးကင်းလုံခြုံရေး စည်းမျဉ်းများ ချမှတ်ထားသော်လည်း သေဆုံးမှုများ ရှိနေခြင်းဖြစ်သည်။ ဒဏ်ရာရသူများထဲတွင် နွားသိုးပိုင်ရှင်များလည်း ပါဝင်နေပြီး အချို့မှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ တမီးလ်နာဒူး အစိုးရအနေဖြင့် သေဆုံးသူ မိသားစုများအတွက် ထောက်ပံ့ကြေးပေးအပ်ရန် စီစဉ်နေကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။
Ref : Xinhua & AFP
