




၁၉. ၁. ၂၀၂၆
Written by Nyein Kyaw
တပ်မတော်အနေဖြင့် နိုင်ငံရေးအစိုးရများ မည်ကဲ့သိုပင်ပြောင်းလဲသည်ဖြစ်စေ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအားစစ်ဆေးပြီး တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောကြားသည်။
တပ်မတော်အနေဖြင့် နိုင်ငံရေးအစိုးရများ မည်ကဲ့သိုပင် ပြောင်းလဲသည်ဖြစ်စေ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနေရသည်ကို သမိုင်းကြောင်း အထောက်အထားများအရ သိရှိနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးချုပ်က ပြောကြားသည်။
ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ထိန်းသိမ်းဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တာဝန်ဖြစ်သော်လည်း လိုအပ်ချက်အရ တပ်မတော်မှ ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုလည်း စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးချုပ်က ပြောကြားသည်။
ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် စွမ်းရည်နှင့်စွမ်းပကားများရှိရန်လိုကြောင်း၊ အရည်အချင်းပြည့်ဝသည့် တပ်မတော်၊ တိုက်စွမ်းအားရှိသည့်တပ်မတော် ဖြစ်ရန်လိုကြောင်း၊ ထိုသို့အရည်အချင်း ပြည့်ဝရန်အတွက် လေ့ကျင့်သားပြည့်ဝနေရန်လိုကြောင်း၊ တပ်မတော်သားတစ်ဦးချင်းအနေဖြင့် တိုက်ရည်ခိုက်ရည်ရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်၊ စစ်နည်းဗျူဟာနှင့် စစ်လက်နက်ပစ္စည်းများအပေါ် ကျွမ်းကျင်မှုရှိရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးချုပ်က ပြောကြားသည်။
တပ်မတော်သားတစ်ဦး၏ ခံစားခွင့်များနှင့် ပတ်သက်၍လည်း ထိုက်တန်စွာဖြင့် ပေးအပ်ထားကြောင်း၊ တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူများသည် မိမိတို့၏သဘောဆန္ဒအလျောက် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ မိမိတို့နိုင်ငံတော်ကို ကာကွယ်လိုသည့်စိတ်ဖြင့် ဝင်ရောက်လာကြသည့် တပ်မတော်သားများ အားလုံးကို မိမိအနေဖြင့် အသိအမှတ်ပြုကြောင်း တပ်မတော်ကာကွယ်ရေးဦးချုပ်က ပြောကြားသည်။
တပ်မတော်သားများ၏ ဝတ်စားဆင်ယင်မှုမှအစ စားသောက်နေထိုင်ရေးအထိ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန်အတွက် မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်လာသည့် စိတ်ဓာတ်ကို အသိအမှတ်ပြုသည့်အနေဖြင့် ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးချုပ်က ပြောကြားသည်။
