




၁၉. ၁. ၂၀၂၆
Written by Nyein Kyaw
လူသားမျိုးနွယ်တစ်လုံးကို လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ဆောင်နေခြင်းနှင့် မိမိနေထိုင်ရာလူမှုပတ်ဝန်းကျင်တွင် ခွင့်ပြုထားကြခြင်းသည် အသိပညာအားနည်းခြင်းကြောင့်ပင်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ပညာရေးတွင် ကျောင်းနေရာခိုင်နှုန်း မြင့်မားရေးနှင့် တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးကို မဖြစ်မနေမြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အတန်းပညာများရှိမှသာလျင် အတတ်ပညာများကို သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ အတတ်ပညာများမရှိပါက စီးပွားရေးအရဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန် ခက်ခဲကြပ်တည်းနေမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးမွေးမြူရေးကို အဓိကထားလုပ်ဆောင်ကြသည့် နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ အများအပြား ပေါ်ထွက်လာစေရေး နိုင်ငံတော်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိုင်းရယ်၊ သီပေါဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာ အများအပြားကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သမ္မာအာဇီဝမကျသည့် နည်းလမ်းများဖြင့် ပိုက်ဆံရှာနေကြခြင်းပင်ဖြစ်ကြောင်း၊ လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးစေသည့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများကို လုပ်ဆောင်နေကြခြင်း၊ မိမိတို့နေထိုင်သည့်လူမှု ပတ်ဝန်းကျင်တွင် လုပ်ကိုင်နေကြခြင်းကို ခွင့်ပြုထားကြသည်မှာ အသိပညာအားနည်းခြင်းကြောင့်ပင်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
