

သတိုး
၁၉. ၁. ၂၀၂၆
စပိန်နိုင်ငံတောင်ပိုင်းတွင် ယမန်နေ့ တနင်္ဂနွေနေ့ ညပိုင်းက ဖြစ်ပွားခဲ့သော မြန်နှုန်းမြင့်ရထားနှစ်စင်း တိုက်မိမှုကြောင့် သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၃၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်းနှင့် သေဆုံးသူရုပ်အလောင်းများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း စပိန်ရဲတပ်ဖွဲ့က ယနေ့ (တနင်္လာနေ့) တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
◾ ဖြစ်စဉ်အကျဉ်း
မာလာဂါ (Malaga) မြို့မှ မက်ဒရစ် (Madrid) မြို့သို့ ခရီးသည် ၃၁၇ ဦးခန့် တင်ဆောင်မောင်းနှင်လာသော ရထားတစ်စင်းသည် ကော်ဒိုဘာမြို့အနီး ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရထားတွဲအမြီးပိုင်း လမ်းချော်မှုဖြစ်ပွားခဲ့သည်။ ၎င်းနောက် မက်ဒရစ်မြို့မှ ဝယ်လ်ဗာ (Huelva) မြို့သို့ ဦးတည်မောင်းနှင်လာသော အခြားရထားတစ်စင်းကို အရှိန်ပြင်းစွာ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ရထားလမ်းအော်ပရေတာ Adif က အတည်ပြုသည်။
အန်ဒါလူစီယာဒေသ အုပ်ချုပ်ရေးမှူး Juanma Moreno ၏ ပြောကြားချက်အရ ဒဏ်ရာရရှိသူ ခရီးသည် ၇၅ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားပြီး အများစုမှာ မက်ဒရစ်မြို့တောင်ဘက် ၃၉၀ ကီလိုမီတာအကွာရှိ ကော်ဒိုဘာမြို့ရှိ ဆေးရုံများတွင် ကုသမှုခံယူနေရကြောင်း သိရသည်။
◾ ကယ်ဆယ်ရေးနှင့် အကူအညီပေးမှု
စပိန်ကြက်ခြေနီအသင်းသည် မတော်တဆမှုဖြစ်ပွားရာနေရာနှင့် နီးစပ်သည့် အဒါမုဇ် (Adamuz) မြို့တွင် အကူအညီပေးရေးစင်တာတစ်ခု ဖွင့်လှစ်ထားပြီး လူနာတင်ယာဉ်များနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို ကူညီပေးလျက်ရှိသည်။
စပိန်ပြည်သူ့စစ်တပ်ဖွဲ့ (Civil Guard) နှင့် အရပ်ဘက်ကာကွယ်ရေးအဖွဲ့များသည် တစ်ညလုံး မရပ်မနား ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။



◾ အာဏာပိုင်များ၏ မှတ်ချက်
စပိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး Óscar Puente က ဤဖြစ်စဉ်မှာ “အလွန်ထူးဆန်းသော” ဖြစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အကြောင်းမှာ မတော်တဆမှုဖြစ်ပွားသည့် လမ်းပိုင်းမှာ လမ်းဖြောင့်ဖြစ်ပြီး ပြီးခဲ့သည့် မေလကမှ အသစ်ပြန်လည်ပြုပြင်ထားခြင်းဖြစ်သည်။
လမ်းချော်ခဲ့သည့် Iryo ကုမ္ပဏီပိုင် ရထားမှာ သက်တမ်း ၄ နှစ်ပင် မပြည့်သေးသည့် ရထားအသစ်ဖြစ်သည်။
”ရထားရဲ့ နောက်တွဲက လမ်းချော်ပြီး တစ်ဖက်ကလာတဲ့ ရထားရဲ့ ဦးခေါင်းပိုင်းကို တိုက်မိခဲ့တာပါ။ ရထားတွဲနှစ်တွဲက လမ်းပေါ်ကနေ ၁၃ ပေလောက်ရှိတဲ့ တောင်စောင်းအောက်ကို လွင့်စင်သွားခဲ့ပါတယ်” ဟု ဝန်ကြီးက ရှင်းပြသည်။ အဆိုပါဖြစ်စဉ်အတွက် အသေးစိတ်စုံစမ်းစစ်ဆေးမှုမှာ တစ်လခန့် ကြာမြင့်နိုင်ကြောင်း သိရသည်။
◾ စပိန်နိုင်ငံ၏ ရထားကွန်ရက် အခြေအနေ
စပိန်နိုင်ငံသည် ဥရောပတွင် အကြီးဆုံး မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်ကို ပိုင်ဆိုင်ထားပြီး ကီလိုမီတာ ၃,၁၀၀ ကျော် (၁၉၂၆ မိုင်ကျော်) ရှည်လျားသည်။ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံပိုင် Renfe ရထားလိုင်းကို အသုံးပြုသည့် ခရီးသည်ပေါင်း ၂၅ သန်းကျော်ရှိခဲ့ပြီး အန္တရာယ်ကင်းသော သယ်ယူပို့ဆောင်ရေးစနစ်အဖြစ် လူသိများသည်။
သို့သော် ယခုဖြစ်ပွားသော မတော်တဆမှုကြောင့် မက်ဒရစ်နှင့် အန်ဒါလူစီယာမြို့များအကြား ရထားပြေးဆွဲမှုများကို တနင်္လာနေ့တွင် ရပ်ဆိုင်းထားရသည်။
ဤမတော်တဆမှုသည် ၂၀၁၃ ခုနှစ်က ဆန်တီယာဂို ဒီ ကွန်ပိုစတဲလား မြို့အဝင် ဂါလီစီယာဒေသတွင် လူ ၈၀ သေဆုံးခဲ့သည့် ရထားမှောက်မှုနောက်ပိုင်း စပိန်နိုင်ငံ၏ အဆိုးရွားဆုံး ရထားမတော်တဆမှုတစ်ခု ဖြစ်လာခဲ့သည်။
၂၀၁၃ ခုနှစ် ဖြစ်စဉ်တွင်မူ ရထားမှာ သတ်မှတ်အရှိန်ထက် နှစ်ဆကျော် ပိုမိုမောင်းနှင်ခဲ့ခြင်းကြောင့် လမ်းချော်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
Ref: AP & The Gurdian
