



၁၉.၁. ၂၀၂၆
Written by Linn Eain
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တွင် မှတ်ပုံတင်အတုများနှင့် ဌာနဆိုင်ရာစာရွက်စာတမ်းများကို အခကြေးငွေယူ၍ အတုပြုလုပ် ရောင်းချသူ အမျိုးသားလေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်အတုနှင့် သန်းခေါင်စာရင်းအတုများ လိမ်လည် ပြုလုပ်နေကြောင်း သတင်းများအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ ဗထူး (၁၁) လမ်းတွင် ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီခန့်က ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဂျင်မီအောင်(ခ)ကုလားကြီး(ခ)ဟာရွန်နှင့် ကျော်ထက်အောင်တို့ကို သက်သေခံပစ္စည်းများနှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူနှစ်ဦးနှင့်အတူ ပြုလုပ်ထားပြီးသာ မှတ်ပုံတင် (၄၅)ခု၊ ပြုလုပ်ဆဲ မှတ်ပုံတင် (၁၁၀)၊ သာသနာဝင်ကတ် (၃)ခု၊ သန်းခေါင်စာရင်းအတု (၅၃) ခု၊ ရဲစခန်းထောက်ခံစာ(၁၂၀)၊ ရပ်ကွက်ထောက်ခံစာ (၄)ခု၊ ကျောင်းထောက်ခံစာ (၃)ခု၊ အလုပ်သမားမှတ်ပုံတင် (၁၁၀)၊ ဌာနဆိုင်ရာ ရုံးတံဆိပ် ၁၈ ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ရွှေပြည်သာမြို့နယ်၊ တ/၁၅ ရပ်ကွက်၊ ရေအိုးစင်လမ်းတွင် ည ၈ နာရီခန့်အချိန် ဆက်လက်ဖမ်းဆီးခဲ့ရာ ဇင်မောင်နိုင်(ခ)နူရွတ်လာနှင့် ညီထွေးနိုင်(ခ)ကုလားဘုန်းကြီး(ခ)ဟာစန်းတို့ကို ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့နှင့်အတူ ပြလုပ်ပြီးသား မှတ်ပုံတင် (၉) ခု၊ ပြုလုပ်ဆဲ မှတ်ပုံတင် (၈)ခု၊ သန်းခေါင်စာရင်း (၄)ခု၊ရုံးတံဆိပ် (၁၂)ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ မှတ်ပုံတင်အတုများနှင့် ဌာနဆိုင်ရာစာရွက်စာတမ်းများကို အခကြေးငွေယူ၍ အတုပြုလုပ် ရောင်းချသူ အမျိုးသားလေးဦးကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းတို့တွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
