◾ Door to Door တစ်လမ်းဝင်တစ်လမ်းထွက် မဲဆွယ်စည်းရုံးနေခြင်းမှာ ပြည်သူအစစ်များ၏ မဲအစစ်ကို တန်ဖိုးထားခြင်းဖြစ်ဟုဆို
၁၆.၁.၂၀၂၆
Written by Nay Yaung Lin
လမ်းမတော်မြို့နယ်နေပြည်သူများသာ တက်တက်ကြွကြွမဲပေးမည်ဆိုလျင် ပြည်သူများပြောစေချင်သည့်အသံများ ပြည်သူ့လွှတ်တော်ထဲရောက်ရှိရန် သေချာပြီး အာမခံကြောင်း အဆိုပါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကိုကိုကြီးက ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည် Door to Door မဲဆွယ်စည်းရုံးမှုတွင် ပြောကြားခဲ့သည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကို ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၁၇ မြို့နယ်၌ ကျင်းပမည်ဖြစ်ရာ အဆိုပါမြို့နယ်များတွင် လမ်းမတော်မြို့နယ်လည်း အပါအဝင်ဖြစ်သည်။
လမ်းမတော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကိုကိုကြီးက ”ပြည်သူ့လွှတ်တော်မှာ ကျွန်တော်က ဝင်ပြိုင်တာဖြစ်တဲ့အတွက်ကြောင့် လမ်းမတော်မဲဆန္ဒရှင်တွေကသာ တက်တက်ကြွကြွ မဲပေးမယ်ဆိုရင် ပြည်သူ့လွှတ်တော်ထဲမှာ ပြည်သူတွေပြောစေချင်တဲ့ အသံတွေရောက်သွားမှာ သေချာတယ်။ အဲဒါတော့ ကျွန်တော်အာမခံပါတယ်” ဟု ပြောကြားခဲ့သည်။




ထို့ပြင် Door to Door တစ်လမ်းဝင်တစ်လမ်းထွက် မဲဆွယ်စည်းရုံးနေခြင်းမှာ ပြည်သူအစစ်များ၏ မဲအစစ်ကို တန်ဖိုးထားခြင်းဖြစ်ပြီး မဲပေးသည့် ရာခိုင်နှုန်းမြင့်လာရန် အဓိကထားကြိုးစားနေကြောင်းလည်း ဦးကိုကိုကြီးက ဆက်လက်ပြောကြားခဲ့သည်။
”ကျွန်တော်တို့က ပြည်သူအစစ်တွေရဲ့ မဲအစစ်တွေကိုပဲ တန်ဖိုးထားတယ်။ အဲဒါကြောင့် အခုလိုမျိုး Door to Door လိုက်ပြီးကြိုးစားတာပါ။ ပြောရရင် ပြည်သူအများစုက ကြောက်နေတယ်။ နောက်တစ်ခုက နိုင်ငံရေးနည်းလမ်းက အဖြေထွက်မှာ မဟုတ်ပါဘူးဆိုပြီး ယုံကြည်မှုပါ ပျောက်ဆုံးနေကြတယ်။ အခုလိုမျိုးမှာ အခြေအနေမျိုးမှာ Door to Door ဆင်းတဲ့အတွက်ကြောင့် ပြည်သူတွေကြားထဲမှာ သူတို့ရှေ့ကနေ မားမားမတ်မတ်ရပ်တည်မယ့် ပါတီတစ်ခုပေါ်လာပြီ၊ သူတို့မျက်စိအောက်မှာ တွေ့လာတဲ့အခါမှာ စိတ်ဓာတ်ခွန်အားဖြစ်စေတယ်။ အဲဒါကို ကျွန်တော်တို့ အဓိကကြိုးစားနေတယ်။ သတ္တိရှိရှိနဲ့ မဲပေးဖို့နဲ့ မဲပေးရာခိုင်နှုန်းမြင့်လာဖို့ အဲဒါကိုလည်း အဓိကထားကြိုးစားနေတယ်” ဟု ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
ပြည်သူ့ပါတီဥက္ကဋ္ဌလည်းဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကိုကိုကြီးသည် လမ်းမတော်မြို့နယ်အတွင်းရှိ ၂ ရပ်ကွက်မှ စတင်၍ ရပ်ကွက်ပေါင်း ၈ ရပ်ကွက်တွင် တစ်လမ်းဝင်၊ တစ်လမ်းထွက် လမ်းလျှောက်၍ ကိုယ်စားလှယ်လောင်းမိတ်ဆက်လက်ကမ်းကြေညာများ Door to Door လိုက်လံဝေခဲ့ကြောင်း သိရသည်။
အဆိုပါ Door to Door မဲဆွယ်စည်းရုံးမှုတွင် ပြည်သူ့ပါတီမှ အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ဗော်လံတီယာများလိုက်ပါခဲ့ပြီး မဲဆွယ်သီချင်းဖွင့်မည့် Sound Box ကိုလည်း ဆိုက္ကားဖြင့်သာ တင်ဆောင်၍ လှည့်လည်မဲဆွယ်ခဲ့ကြောင်းသိရသည်။





