၁၆.၁.၂၀၂၆
Written by Linn Eain
“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ – Youth Peace Forum 2026 ” ၏ လူငယ်ကြေညာစာတမ်းကို ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့ပြီး အနာဂတ်ကာလ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များအတွက် အခွင့်အလမ်းငါးချက်ကို စုပေါင်းဖန်တီးကြရန် စုပေါင်းသန္နိဋ္ဌာန်ပြုခဲ့ကြကြောင်း သိရသည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးသည့်အချိန် သမိုင်းစာမျက်နှာသစ်တွင် ဖြစ်ပေါ်လာမည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များပါဝင်မှုကို မြှင့်တင်ပေးရန်အတွက် လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်တာ ကျင်းပခဲ့ကြောင်း သိရသည်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ၏ ကြေညာစာတမ်းအရ လူငယ်ငြိမ်းချမ်းရေးဖိုရမ်သည် “နိုင်ငံတစ်ဝန်းရှိလူငယ်များကို ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့တွင် စုပေါင်းပါဝင်လာရေးနှင့် စွမ်းရည် ပြည့်ဝသော ခေါင်းဆောင်များ ဖြစ်ပေါ်လာရန်အတွက် လူငယ်များအား ငြိမ်းချမ်းရေးအသိ မြှင့်တင်ပေးနိုင်ရန်” ဟူသော ဖိုရမ်ဦးတည်ချက်အား အောင်မြင်စွာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အနာဂတ်ကာလ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များအတွက် အောက်ဖော်ပြပါ အခွင့်အလမ်းများကို စုပေါင်းဖန်တီးကြရန် စုပေါင်းသန္နိဋ္ဌာန်ပြုခဲ့ပြီး ယင်းအခွင့်အလမ်းများမှာ (က) ရွေးကောက်ပွဲလွန်ကာလ၌ လူငယ်များ၏ လက်တွေ့ကျသော အခန်းကဏ္ဍကို ဖော်ထုတ်နိုင်မည့် ငြိမ်းချမ်းရေးကို ပြင်းပြစွာလိုလားကြသည့် လူငယ်အသိုက်အဝန်းများအကြား အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုကို အထောက်အပံ့ ဖြစ်စေမည့် လူငယ်ကွန်ရက်များ ဖွဲ့စည်းတည်ထောင်၍ လူငယ်များလက်တွေ့ဆောင်ရွက်နိုင်သည့် စီမံချက်များကို လူငယ်များကိုယ်တိုင် အကောင်အထည်ဖော်ရန်နှင့် ( ခ ) ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ မတူကွဲပြားမှုများကို နားလည်၍ အမုန်းတရားများ တိုက်ဖျက်နိုင်ရန် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့် စီးပွားရေးဖွံ့ဖြိုး ရေးနယ်ပယ်အသီးသီးရှိ လူငယ်များ၏ စွမ်းရည်မြှင့်တင်ပေးရန်နှင့်သက်ဆိုင်ရာကဏ္ဍအလိုက် လူငယ်ဆိုင်ရာ စီမံကိန်းများ ရေးဆွဲရန်အချက်တို့ဖြစ်သည်။
ဆက်လက်၍ ( ဂ ) ရေရှည်တည်တံ့သောငြိမ်းချမ်းရေးနှင့်စည်းလုံးညီညွတ်ရေး၊ လူမှုသဟဇာတမြှင့်တင်ရေးလုပ်ငန်းဆိုင်ရာ အစီအစဉ်များကို ဒေသအလိုက် မြေပြင်အခြေအနေများနှင့် ကိုက်ညီမည့် စီမံချက်များအား လူငယ်များကိုယ်တိုင် စွန့်ဦးဆောင်ရွက်ပြီး နိုင်ငံတော်၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို အထောက်အပံ့ဖြစ်စေမည့် အကြံပြုချက်များ ဖော်ထုတ်ရန်၊ (ဃ) မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် နိုင်ငံတကာနှင့် ပြည်တွင်း ပြည်ပ မီဒီယာရပ်တည်ချက်များကို ပြည်တွင်း လူငယ်များ၏အမြင်နှင့် ပုံရိပ်ပြောင်းလဲရေးဆောင်ရွက်ရန်၊ ( င ) လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ပေါ်ထွက်လာသည့် အကြံပြု ချက်များကိုစုစည်း၍ အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက် လူငယ်နှင့် ငြိမ်းချမ်းရေးမူဝါဒဆိုင်ရာ စာတမ်း (Youth Peace Policy Paper) အား ရေးဆွဲတင်ပြနိုင်ရန်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါဖိုရမ်သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုနှင့် နေပြည်တော် ကောင်စီနယ်မြေမှ လူငယ်ကိုယ်စားလှယ်များအပြင် ပဋိပက္ခ ဘေးသင့်ရာဒေသများမှ လူငယ်များ၊ အဆင့်မြင့်ပညာရေးတက္ကသိုလ်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လူငယ်များ စုစုပေါင်း ၄၅၀ ဦး တက်ရောက်ကြပြီး အနာဂတ်ကာလတွင် လူငယ်များပါဝင်နိုင်မည့်ကဏ္ဍများနှင့် လုပ်ငန်းများကို သုံးရက်ကြာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ယခုကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်သည် အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍပါဝင်မှုကို အလေးပေးဖော်ဆောင်နိုင်ခဲ့ပြီး လူငယ်များ၏ စိတ်ဓာတ်နှင့် စွမ်းအား များကို အကောင်းဆုံးသောပုံစံများဖြင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်များအတွင်း ပေါင်းစပ်ထည့်သွင်းနိုင်ရန် ဖော်ထုတ်ခဲ့ကြောင်း လူငယ်ကြေညာစာတမ်းတွင် ဖော်ပြထားသည်။
